ထိုင်းနိုင်ငံအမျိုးသားကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များကောင်စီ(TNSC)သည် ဘတ်ငွေ တန်ဖိုးတက်မှုနှင့် ပထဝီနိုင်ငံရေးတင်းမာမှု အစရှိသည့် စွန့်စားရသည့် အကြောင်းအချက်များရှိနေသော်လည်း နှစ်စဉ် ပျမ်းမျှတင်ပို့မှုကြီးထွားနှုန်း ရည်မှန်းချက်ကို ၅ ရာခိုင်နှုန်းသတ်မှတ်ရန် ဝန်ကြီးချုပ်အား တောင်းဆိုခဲ့ကြောင်း သိရပါသည်။ TNSC ၏ ဥက္ကဌဖြစ်သူ Chaichan Chareonsuk က တင်ပို့မှုအပေါ် အပေါင်းလက္ခဏာဆောင်သည့် သက်ရောက်မှုရရှိစေမည့် ဩဂုတ်လမှ စက်တင်ဘာလအတွင်း မတည်ကုန်ပစ္စည်းများ(Capital Goods) တင်သွင်းမှု မြင့်တက်လာသောကြောင့် ယခုနှစ်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံဖြင့် ၁-၂ ရာခိုင်နှုန်း မြင့်တက်ရန် မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ ကောင်စီ၏အဆိုအရ Federal Reserve သည် ယခုနှစ်တွင် အတိုးနှုန်းဖြတ်တောက်ရန် မျှော်လင့်ရသောကြောင့် ဘတ်ငွေသည် လာမည့်နှစ်အစတိုင်အောင် အားကောင်းနေမည်ဟု မျှော်လင့်ရကြောင်း သိရပါသည်။ သို့သော် ယှဉ်ပြိုင်ဘက်များနှင့်ယှဉ်ပါက ထိုင်းပို့ကုန်များ၏ ဈေးနှုန်းပိုမိုကြီးမြင့်မှုကိုဖြစ်ပေါ်စေမည့် ဒေါ်လာနှင့်ယှဉ်ပါက ဘတ်တန်ဖိုးတက်မှု၊ ဥရောပနှင့် အရှေ့အလယ်ပိုင်း၌ ပထဝီနိုင်ငံရေးတင်းမာမှု၊ အာရှဈေးကွက်များသို့ တရုတ်ကုန်ပစ္စည်းများလွှမ်းမိုးမှုကို ဖြစ်ပေါ်စေမည့် တရုတ်နှင့် အမေရိကန်ကြား သွင်းကုန်အကောက်ခွန် အပြန်အလှန်တိုးမြှင့်မှုနှင့် အခြားအကြောင်းများပါဝင်သည့် များစွာသော မသေချာမရေရာမှုများ ၂၀၂၄ ခုနှစ်၏ ဒုတိယပိုင်းတွင် ဆက်လက်ရှိနေကြောင်း TNSC ကပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် အသေးစားနှင့်အလတ်စားအရွယ်အစား ကုန်စည်ပို့ဆောင်သူများမှာလည်း တင်ပို့ရန် ထုတ်ကုန်အတွက် ငွေလက်ငင်းရရှိမှုခက်ခဲသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ TNSC သည် နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အဓိကထားပြီး ထိုင်းနိုင်ငံ၏ စီးပွားရေးကြီးထွားလာစေရန် Trading Nation (နိုင်ငံတကာကုန်သွယ်ရေးကို မှီခိုသည့်နိုင်ငံ) မဟာဗျူဟာကို ရွေးချယ်ရန် ထိုင်းအစိုးရကို ကမ်းလှမ်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ကောင်စီသည် အစိုးရက ပို့ကုန်လုပ်ငန်းကို ပြန်လည် ဖွဲ့စည်းရာတွင် ၂၀၃၂ တွင် Trading Nation ဖြစ်လာစေမည့် ရည်မှန်းချက် အောင်မြင်စေရုံသာမကဘဲ တစ်နှစ်လျှင် တင်ပို့မှုကြီးထွားနှုန်း ပျမ်းမျှ ၅ ရာခိုင်နှုန်း ရောက်ရှိရန်ရည်ရွယ်၍ ထိုင်းနိုင်ငံ ပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန် ပံ့ပိုးပေးရန်ပါ အကြံပြုခဲ့ကြောင်း သိရပါသည်။ Mr.Chaichan က TNSC သည် လာမည့်နှစ်စတွင် အစိုးရသစ်က အကောင်အထည်ဖော်ရမည့် Trading Nation ဖြစ်လာစေရန်အတွက် (၈)နှစ်စာမဟာဗျူဟာ အစီအစဉ်ကို ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်၏ တတိယသုံးလပတ်တာကာလတွင် ထိုင်းနိုင်ငံ၏ တင်ပို့မှု ၂ ရာခိုင်နှုန်းမြင့်တက်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ စတုတ္ထသုံးလပတ်ကာလတွင်မူ ရာဘာ၊ ကားတာယာများနှင့်တိရစ္ဆာန်အစားအစာပါဝင်သည့် တင်ပို့မှုများအားကောင်းစွာ တိုးချဲ့ နိုင်ကြောင်း ကောင်စီ၏ အဆိုအရ သိရှိရပါသည်။
DOCA(ရန်ကုန်)