မြန်မာနိုင်ငံတွင် အဓိကအသက်မွေးဝမ်းကျောင်းပြုနေသော စီးပွားရေးကဏ္ဍများ၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ သို့သော်လည်း တောင်သူ လယ်သမားများအနေဖြင့် စိုက်ဧကပိုင်ဆိုင်မှု နည်းပါးခြင်း၊ သွင်းအားစုနှင့်ငွေကြေးရင်းနှီး နိုင်မှုနည်းခြင်း၊ လုပ်သားရှားပါးခြင်း၊ ဈေးကွက်နှင့်နည်းပညာတိုးတက်မှု အားနည်းခြင်းတို့ ကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရပါသည်။ တောင်သူလယ်သမားများအနေဖြင့် မြန်မာ နိုင်ငံရာသီဥတုနှင့် သင့်တော်သောသီးနှံ၊ စိုက်ပျိုးနည်းစနစ်၊ ဈေးကွက်နှင့်ဝင်ငွေရရှိမှု၊ စသည် တို့ကို စနစ်တကျ ချိန်ဆတွက်ချက်၍ စိုက်ပျိုးတက်ရန် အရေးကြီးလှပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရာသီဥတုနှင့် ကိုက်ညီ၍ အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းကာ မြင့်မားသောဝင်ငွေ ရရှိသည့် နှစ်ရှည်သီးနှံဖြစ်သော ကြယ်ပဲ (Sacha Inchi) ကို မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် နောက်ပိုင်းမှစ၍ ဈေးကွက်ဝင်သီးနှံအဖြစ် စီးပွားဖြစ်စိုက်ပျိုးလာခဲ့ကြပါသည်။
ကြယ်ပဲသည် တောင်အမေရိကတိုက်၊ အမေဇုန်တောအတွင်းရှိ ပီရူးနိုင်ငံမှ စတင်တွေ့ရှိခဲ့ သောအပင်တစ်မျိုးဖြစ်သည်။ ကြယ်ပဲသည် နှစ်ရှည်ခံနွယ်ပင်မျိုးဖြစ်၍ တစ်နှစ်အတွင်းဝင်ငွေ ရရှိနိုင်ပြီး အနှစ် ၃၀ မှ ၅၀ အထိ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ကာ ဈေးကွက်ရနိုင်သောသီးနှံ ဖြစ်သည်။ အမွှေးထူသောအရွက်များရှိပြီး ဗီတာမင် A ၊ ဗီတာမင် E နှင့် သက်စောင့်ဓာတ်ဖြစ် သော Omega 3, 6, 9 များ ကြွယ်ဝစွာပါဝင်သောကြောင့် စားသောက်ကုန်အပြင် ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအတွက် ကုန်ကြမ်းအဖြစ် အသုံးပြုလာကြပါသည်။ ကြယ်ပဲသည် လူတို့အ တွက် မရှိမဖြစ်လိုအပ်သော အဆီအက်ဆစ်များစွာ ပါဝင်ခြင်းကြောင့် စူပါအစားအစာ (Super Food) ဟုလည်း ခေါ်ဝေါ်သတ်မှတ်ကြသည်။ Omega ကြွယ်ဝမှု၊ ကျန်းမာရေးဆိုင်ရာအကျိုး ကျေးဇူးများ၊ ဆေးဖက်ဝင်စားသုံးဆီ၊ လူ့သုံးကုန်ဆိုင်ရာဈေးကွက် စသည့် အားသာချက်များ ကြောင့် အလားအလာကောင်းသော သီးနှံဟုဆိုကြပါသည်။
မြန်မာနိုင်ငံတွင် ကြယ်ပဲကို ၂၀၁၄ ခုနှစ်မှ စတင်စိုက်ပျိုးပြီး မျိုးစေ့များကို ပီရူးနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဝယ်ယူစိုက်ပျိုးခဲ့ရသော်လည်း ယခုအခါတွင် ပြည်တွင်းစိုက်ခင်းများမှ ညီညာ သန်စွမ်းသော အစေ့များကို မျိုးစေ့အဖြစ် ဝယ်ယူစိုက်ပျိုးနိုင်ပြီဖြစ်ပါသည်။ အလေ့ကျ ပေါက်ရာမှ မိရိုးဖလာ စိုက်ပျိုးမှု၊ ထိုမှတစ်ဆင့် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လာနိုင်ပြီဖြစ်သော ကြယ်ပဲသီးနှံသည် ပီရူး နိုင်ငံမှ အစပြု၍ အခြားနိုင်ငံများသို့ တဖြည်းဖြည်း ပျံ့နှံရောက်ရှိ စိုက်ပျိုးလာခဲ့ပါသည်။ မျိုးစေ့များ ရွေးချယ်ရာတွင် လတ်ဆတ်၍ အစေ့အဆံအောင်သော အသီးများကို ခြောက်သွေ့အောင်ထားရှိ ပြီးမှဆွတ်ခူးလျှင် အပင်ပေါက်နှုန်း ပိုမိုကောင်းမွန် ပါသည်။ စိုက်ပျိုးမည့်ဧကနှင့်ချိန်ဆ၍ မျိုးစေ့ များအား အညှောက်ဖောက် ပျိုးထောင်ရာတွင် စိုက်ခင်းအတွင်း အပင်သေခြင်း၊ စိုက်ကွက်တွင် မြေချစိုက်ပျိုးပါက အပင်သေ၊ အပင် ပျောက်ခြင်းများ ဖာထေးရန်အတွက် လိုအပ်သောအပင်အရေအတွက်ထက် ၁၀-၂၀ % ခန့် အပို ဆောင်းပျိုးထောင်ရပါမည်။
ကြယ်ပဲသည် မြေအတန်းအစားမရွေး ဖြစ်ထွန်းရှင်သန်နိုင်ပြီး နုန်းတင်မြေနုလွင်များတွင် ပိုမိုဖြစ်ထွန်းသည်။ ရေစီးရေလာကောင်းပြီးအလင်းရောင်တိုက်ရိုက်ရရှိသောနေရာများကို ပိုမိုနှစ် သက်သည်။ မိုးရေချိန် ၈၅၀ မှ ၁၀၀၀ မီလီမီတာခန့်လိုအပ်ပြီး အနိမ့်ဆုံးအပူချိန် ၁၀ ဒီဂရီစင်တီ ဂရိတ်မှ အမြင့်ဆုံး ၃၆ ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်သော်လည်း ပျှမ်းမျှအပူချိန်မှာ ၂၆ ဒီဂရီ စင်တီဂရိတ် ရှိရန် လိုအပ်ပါသည်။ အပူချိန်မြင့်မားလျှင် ပန်းပွင့်မှုကျဆင်းပြီး အသီးညံ့ဖျင်းနိုင် သည်။ အပူချိန်နိမ့်လျှင်လည်းကောင်း၊ အပူချိန်ခြောက်သွေ့ကာလကြာရှည်လျှင်လည်းကောင်း အပင်ကြီးထွားမှု အားနည်းနိုင်ပါသည်။ စိုထိုင်းဆ ၈၀ % ခန့်ရှိရန်လိုအပ်သဖြင့် ခြောက်သွေ့ကာလ များတွင် ရေသွင်းပေးရပါမည်။ စိုထိုင်းဆ မြင့်မားပြီး မိုးသည်းထန်စွာရွာသောကာလများတွင် ပိုးမွှားရောဂါများ မကျရောက်အောင် ရေနုတ်မြောင်းများ တူးဖော်၍ ရေစီးရေလာကောင်းအောင် ပြုပြင်ပေးရပါသည်။ လောင်းရိပ်များလျှင်လည်း ပန်းပွင့်မှုနည်း၍ အထွက်နှုန်းလျော့နိုင်ပါသည်။ မူရင်းဒေသမှာ အပူပိုင်းသစ်တောများဖြစ်သဖြင့် အေးလွန်း ခြောက်သွေ့လွန်သော ဒေသများမှလွဲ ၍ မည်သည့်ဒေသများတွင်မဆို အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။
ကြယ်ပဲစိုက်ပျိုးရာတွင် တဧကလျှင် ပင်ကြားတန်းခြား ၉ ပေ ပတ်လည်ဆိုပါက အပင် ဦးရေ (၅၂၀) ပင်၊ ၆ ပေ x ၁၂ ပေ ဆိုပါက (၆၀၅) ပင် လိုအပ်ပါသည်။ တစ်ကီလိုတွင် အစေ့ပေါင်း (၈၀၀ မှ ၁၀၀၀) ခန့် ရှိသောကြောင့် တစ်ဧကခွဲခန့် စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့ တစ်ကီလိုလျှင် ရေအေး တစ်ဂါလံခွဲ၊ ရေနွေး တစ်ဂါလံခွဲ ရောစပ်ပြီး ရရှိလာသည့် ကြက်သီးနွေး ရေဇလုံထဲတွင် ပုဆိုး(သို့မဟုတ်) ချည်ထည် အဝတ်စဖြင့် ခပ်ဖွဖွထုပ်ကာ မျိုးစေ့များကို တညတာ (၇)နာရီခန့် ရေစိမ်ပေးရပါမည်။ နောက်တနေ့တွင် ရေစိမ်ထားသောမျိုးစေ့များကို နေထုတ်လှန်း ရပါမည်။ ထိုသို့ ရေစိမ်နေလှန်း (၃) ရက်ခန့် ပြုလုပ်ပြီးပါက အညှောက်ဖောက်ပျိုးထောင်ရန် အသင့်အနေအထားရရှိပြီဖြစ်ပါသည်။
မျိုးစေ့များ အပင်ပေါက်လာသောအခါ မြေအောင်းရောဂါများ၊ နီမတုတ်ကဲ့သို့ မြစ်ဖုရောဂါ များ၊ ခါးရိအပင်သေရောဂါများမှ ကာကွယ်ရန် မျိုးစေ့ရေစိမ်စဉ် သင့်တော်သည့်ပိုးသတ်ဆေး ခပ်ပျော့ပျော့တစ်မျိုးဖြင့် စိမ်ပေးရပါသည်။ အညှောက်ဖောက်နေစဉ် ပင်စည်စုပ်ပိုးမှ ကာကွယ်ရန် အလွယ်ရရှိနိုင်သော ဆေးပေါ့လိပ်ဖင်စီခံ (၂၀) ခန့်ကို ရေတစ်လီတာတွင် (၁) ညခန့်စိမ်၍ ထိုရေ ဖြင့် ပျိုးပင်များကို ဖြန်းပေးနိုင်ပါသည်။ သာမာန်အားဖြင့် (၃) ရက်ခန့်တွင် အစို့များထွက်လာပြီး (၇) ရက်ခန့်၌ အမြစ်များထွက်လာချိန်တွင် မြေကြီး ၃ ဆ၊ သဲ ၂ ဆ၊ ဖွဲပြာ ၁ ဆ ရောထားသော ပျိုးအိတ်များအတွင်းသို့ ပြောင်းရွှေ့ရပါမည်။ နှစ် ၃၀ မှ နှစ် ၅၀ အထိ ပြုစုထိန်းသိမ်း ဆွတ်ခူးနိုင် သော နှစ်ရှည်ပင် ဖြစ်သောကြောင့် မြေနေရာရွေးချယ်မှု မှန်ကန်ရန် အရေးကြီးလှပါသည်။ ပျိုးပင် များပြုစုနေစဉ်တွင် စိုက်ဘောင်များကို စနစ်တကျ ပြင်ဆင်ထားရပါမည်။ စိုက်ဘောင်တန်းများ ပေါ်တွင် မြေပေါ်မှ ၅ ပေ အမြင့်ရှိသော ကွန်ကရစ်တိုင်(သို့) သစ်၊ မျောတိုင်များအား ပေ ၃၀ ခြား စိုက်ထားကာ ယိုင်နဲ့မှုမဖြစ်စေရန် ကျားကန်ခြင်း၊ ငုတ်ရိုက်ဆိုင်းကြိုးဆွဲထားခြင်း၊ မြေပြင်မှ ၃ ပေ အမြင့်တွင် သစ်သားတန်းတစ်ခုဖြင့် ၂ ပေကွာ သွပ်နန်းကြိုး ၃ တန်း ထားပေးရမည်။ တစ်ချို့က ဘူးစင်ကဲ့သို့လည်း ပြုလုပ်ကြသည်။
ပျိုးထုပ်ထဲတွင် အပင်သက်တမ်း တစ်လကျော်သောအခါ တစ်ပေခန့်မြင့်သော အညွန့်များ ထွက်လာလျှင် ဖြတ်ပေးရမည်။ သို့မှသာ ကိုင်းတက်များ ဖြာလာနိုင်မည်ဖြစ်သည်။ ဖြတ်ထား သော ပဲညွန့်များကို ကြော်ချက်စားသုံးနိုင်ပါသည်။ အနည်းငယ်ခါးသက်သည့် အရသာရှိသော်လည်း ဗီတာမင်ဓာတ်ကြွယ်ဝသောကြောင့် စားရသည်မှာ အရသာရှိပါသည်။ ကြယ်ပဲဟုခေါ်သော်လည်း ပဲမျိုးစုံအုပ်စုတွင် မပါဝင်ဘဲ ရှားစောင်းကြက်ဆူမျိုးရင်းဝင် နှစ်ရှည်သီးနှံဖြစ်သောကြောင့် ကနဦး ကုန်ကျစရိတ်သာမက နှစ်ရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရန် ကြိုတင်စီစဉ်ထားသင့်ပါသည်။ ကြယ်ပဲ သည် အဟာရဓာတ်တန်ဖိုးမြင့်မားစွာပါဝင်ခြင်းကြောင့် ဆေးဖက်ဝင်သော အဖိုးတန် နှစ်ရှည် ကုန်ကြမ်းသီးနှံတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးထွက်ရှိလာသော ကြယ်ပဲစေ့များတွင် ဓာတုဓာတ်ကြွင်းများ ပါဝင်မှုမရှိစေရေးသည် အလွန်အရေးကြီးသဖြင့် ဓာတ်မြေသြဇာများ၊ ဓာတုပိုးသတ်ဆေးများသုံးစွဲမှုကို အတက်နိုင်ဆုံး လျော့ချ၍ သဘာဝပိုးသတ်ဆေး မြေသြဇာများ ကိုသာ အလေးထားအသုံးပြုသင့်ပါသည်။ ကြယ်ပဲကို စနစ်တကျမဟုတ်ဘဲ ဖြစ်သလိုစိုက်ပျိုးပါက အထွက်နှုန်းနည်းခြင်း၊ ထွက်ကုန်အရည်အသွေးညံ့ဖျင်းခြင်းနှင့် ဈေးကွက်ဆိုင်ရာ အားနည်းချက် ပြသာနာများ ကြုံတွေ့ရတက်ပါသည်။
ကြယ်ပဲပင်အား ပင်ပိုင်းဆိုင်ရာမျိုးပွားနည်းဖြင့် ကိုင်းဆက်ခြင်း၊ ကိုင်းဖြတ်ပျိုးထောင်မြေချ စိုက်ပျိုးခြင်း၊ မျိုးစေ့တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း၊ မျိုးစေ့အညှောက်ဖောက်ပျိုးထောင်မြေချစိုက်ပျိုး ခြင်း စသဖြင့် နည်းလမ်းများစွာရှိသော်လည်း မျိုးစေ့အညှောက်ဖောက်ပျိုးထောင်မြေချစိုက်ပျိုးခြင်း နည်းစနစ်သည် အထွက်နှုန်းပိုမိုကောင်းမွန်ကာ ကျန်းမာသန်စွမ်းသော ပျိုးပင်များရရှိသောကြောင့် ၎င်းနည်းစနစ်ကိုသာ အများဆုံး စိုက်ပျိုးကြပါသည်။
စိုက်ပျိုးပြီး ၆ လမှ ၈ လ အကြာတွင် အသီးများ စတင်ရရှိပြီး အခွံများခြောက်မှ ဆွတ်ခူးရ ပါသည်။ ထပ်မံနေလှန်းပြီးမှ ခြွေလှေ့စက်ဖြင့် ကြိတ်ခွဲရသည်။ ပထမနှစ်တွင် တစ်ပင်မှ ၂ ကီလို၊ နောင် နှစ်များတွင် ၄ ကီလိုမှ ၅ ကီလိုထိ ရရှိနိုင်ပါသည်။ ရင့်သောအရွက်ခြောက်များကို အပင်မထိခိုက် အောင် ခူးရပါမည်။ ဆေးဘက်ဝင် စားသုံးကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သောကြောင့် စိုက်ပျိုးထွက်ရှိ လာသော ပဲစေ့များကို ဝယ်ယူချိန်တွင် ဓာတုဓာတ်ကြွင်း ပါဝင်မှုအား ဓာတ်ခွဲစမ်းသပ်သည့်စနစ်ရှိ တက်သောကြောင့် ဓာတ်မြေသြဇာပိုးသတ်ဆေးများကို အထူးဂရုပြု သုံးစွဲသင့်ပါသည်။ ဖြစ်နိုင်လျှင် သြဂဲနစ်စနစ် စိုက်ပျိုးသင့်ပါသည်။
ကြယ်ပဲ၏အကောင်းဆုံးဂုဏ်သတ္တိမှာ သက်စောင့်ဓာတ်ဖြစ်သည့် Omega-3 ပါဝင်မှု 46% မှ 48% ပါဝင်ခြင်းဖြစ်သည်။ ကြယ်ပဲမှ စားသောက်ကုန်ပစ္စည်း၊ သဘာဝအားတိုးဆေး၊ဆေးဝါး ထုတ်ကုန်၊ အလှကုန်ပစ္စည်း စသည်ဖြင့် အမျိုးမျိုး ထုတ်လုပ်နိုင်ပါသည်။ ကြယ်ပဲဆီသည် ခါဘော်လစ်ဓာတ်များစွာ ကြွယ်ဝပြီး Oxydize ထွက်ခြင်းကို တွန်းလှန်နိုင်သဖြင့် ကာလရှည်ကြာ သိုလှောင်ထားသော်လည်း အရသာ၊ အရည်အသွေး ပြောင်းလဲခြင်းမရှိသောကြောင့် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပသော စားသောက်ကုန်စည်ပြပွဲတွင် အကောင်းဆုံးဟင်းသီးဟင်းရွက်ဆီအဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ အထိ ၄ နှစ်ဆက်တိုက် ပထမဆု ရရှိထားသော ဆီဖြစ်ပါသည်။
ကြယ်ပဲဆီတွင် Omega-3 (46%) ၊ Omega- 6 (33%) ပါဝင်ပြီး အဟာရဓာတ်ပါဝင်မှုနှင့် အရည်အသွေးမြင့်မားမှုတို့ကြောင့် ကြယ်ပဲဆီသည် အကောင်းဆုံးအပင်ထွက်အဆီအဖြစ် လက်ရှိ သိပ္ပံပညာလေ့လာမှုများက ဖော်ပြထားပါသည်။ ဆေးဝါးအနေဖြင့် ငါးကြီးဆီအစားထိုးထုတ်လုပ်ရန် အဓိကထား စိုက်ပျိုးလာကြပါသည်။ Omega-3 ကြွယ်ဝသော ငါးကြီးဆီနှင့် ကြယ်ပဲဆီကို နှိုင်းယှဉ်ကြည့်ပါက ကြယ်ပဲဆီသည် ငါးကြီးဆီထက် အစာကြေလွယ်ခြင်း၊ အနံ့အရသာ ပိုမို ကောင်းမွန်ခြင်း၊ ကြယ်ပဲဆီတွင် မပြည့်ဝဆီ ၉၃.၆၉ % ပါဝင်ပြီး ငါးကြီးဆီတွင် ၆၀% သာပါဝင်ခြင်း၊ ကြယ်ပဲဆီတွင် ပြည့်ဝဆီ ၆.၃၉ % ပါဝင်ပြီး ငါးကြီးဆီတွင် ၂၀% သာပါဝင်ခြင်း၊ ကြယ်ပဲဆီသည် ဓာတုကင်းလွတ်ပစ္စည်းဖြစ်ပြီး ငါးကြီးဆီတွင် ဒိုင်အောက်ဆိုဒ်နှင့် ပြဒါးများပါဝင် ခြင်း၊ ကြယ်ပဲဆီတွင် ကိုလက်စထရောကင်းပြီး ငါးကြီးဆီတွင် ကိုလက်စထရောပါဝင်ခြင်း စသည့် ကြယ်ပဲဆီ၏ အားသာချက်များကို တွေ့ရပါသည်။
ကြယ်ပဲအညွန့်များကို ကြော်ချက်စားသောက်ခြင်း၊ ပဲစေ့များကို ကြော်လှော်စားခြင်း၊ မုန့် အမျိုးမျိုးပြုလုပ်ခြင်းဖြင့် အသုံးပြုလျှက်ရှိပါသည်။ ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ပဲမှုန့်အဖြစ် ကြိတ်ပြီးဟင်းချက်ရာတွင် အသုံးပြုခြင်း၊အရွက်ခြောက်များကို ရေနွေးကြမ်းအဖြစ်သောက်သုံးခြင်း ဖြင့်လည်း အသုံးပြုနိုင်ပါသည်။ ကြယ်ပဲပင်ထွက်ကုန်များကို စားသုံးပေးခြင်းဖြင့် ကြယ်ပဲတွင်ပါဝင် သော Omega 3, 6, 9 နှင့် ဗီတာမင် A ၊ ဗီတာမင် E တို့၏ ဂုဏ်သတ္တိများကြောင့် မှတ်ဉာဏ် ကောင်းခြင်း၊ ကိုလက်စထရော(Cholesterol)ကျခြင်း၊ မျက်စိအားကောင်းခြင်း၊ နှလုံးထိခိုက် မှုကိုလျော့ကျစေခြင်း၊ နှလုံးခုန်နှုန်းကိုချိန်ညှိပေးပြီး သွေးပေါင်ပုံမှန်ဖြစ်စေရန် ကူညီပေးခြင်း၊ ဆီးရွှင်စေ၍ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များ ဖယ်ရှားပေးပြီး ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာများ သက်သာစေခြင်း၊ ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးပြီး ကင်ဆာဆဲလ်ကြီးထွားမှုကို လျော့ကျစေခြင်း၊ သွေးထဲရှိ သကြားဓာတ်လွန်ကဲမှုကို လျော့ချ စေနိုင်သဖြင့် ဆီးချို၊ သွေးချိုရောဂါနှင့်နာတာရှည်ရောဂါသည် များအတွက် ဖြည့်စွတ်စာအဖြစ် အသုံးပြုနိုင်ခြင်း၊ သွေးခဲခြင်းကိုကာကွယ်ပေးပြီး သွေးကျဲစေသဖြင့် သွေးလည်ပတ်မှုမျှတသော ကြောင့် သွေးတိုးကျစေခြင်းစသည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ရရှိစေ ပါသည်။ နောင်တစ်ချိန်တွင် ရောင်းလိုအားများလာသည့်တိုင် ဈေးနှုန်းအနည်းငယ်လျော့ကျသွား နိုင်သည်မှအပ ဆီထွက်သီးနှံ၊ ဆေးဝါးကုန်ကြမ်းသီးနှံ အဆင့်မြင့်စားသုံးကုန်ကြမ်းအဖြစ် ဆက် လက်ရပ်တည်နေမည့် သီးနှံဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် စက်ရုံမှ ကုန်ကြမ်းအဖြစ် မဝယ်ခဲ့ လျှင်လည်း မြေပဲ၊ ကုလားပဲ၊ ပဲပိစပ်၊ စားတော်ပဲ၊ နေကြာ၊ သီဟိုဠ်စေ့များနေရာတွင် အစားထိုး အသုံးပြုနိုင်ပါသည်။
ကြယ်ပဲပျှမ်းမျှတစ်ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ် ၁၀ သိန်းခန့် ကုန်ကျ မည်ဖြစ်ပြီး ဝင်ငွေမှာ တစ်ဧကလျှင် (၅၀၀)ပင်x ပဲစေ့ထွက်နှုန်းတပင်(၄ ကီလို)x ၁၅၀၀ နှုန်းဖြင့် ခန့်မှန်းတွက်ချက်ပါက ပထမနှစ်တွင် ကျပ် ၇ သိန်း မှ နောင်နှစ်များတွင် ကျပ် သိန်း ၃၀ ခန့်အထိ ရရှိနိုင်သည့် ဝင်ငွေရနှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပါသည်။ Contract Farming စနစ်ဖြင့် စိုက်ပျိုးလို သူများအတွက် နှစ် ၂၀ အထိ ပေါက်ဈေးအတိုင်း စာချုပ် ချုပ်ဆိုကာ လက်ခံဝယ်ယူပေးသည့် ကုမ္ပဏီများလည်းရှိသည်ဟု သိရပါသည်။ ယခုအခါတွင် ကြယ်ပဲမျိုးစေ့ ၁ ကီလို လျှင် ၂၀၀၀၀ ကျပ်၊ ကြယ်ပဲဆီ ၁ လီတာလျှင် ၃၀၀၀၀ ကျပ်၊ ကြယ်ပဲရေချိုးဆပ်ပြာရည် 200 ml လျှင် ၂၅၀၀ ကျပ် ကြယ်ပဲလက်ဖက်ခြောက် ၈၀ ဂရမ်ပါ တစ်ထုပ်လျှင် ၂၅၀၀ ကျပ်နှင့် ကြယ်ပဲအစေ့လှော် အသန့် ၃၂၀ ဂရမ်ပါ တစ်ထုပ်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း ကြယ်ပဲများစိုက်ပျိုးကာ ထုတ်လုပ်ရောင်းချလျှက်ရှိသည် လုပ်ငန်းရှင် တစ်ဦး၏ ပြောကြား ချက်အရ သိရှိရပါသည်။ ထို့ကြောင့် ကြယ်ပဲသီးနှံသည် ကျေးလတ်ဒေသနေထိုင် သူများအတွက် ငွေကြေးများကို ယူဆောင်လာပေးသော သီးနှံဟုလည်းဆိုနိုင်ပါသည်။ ကြယ်ပဲသီးနှံသည် နှစ်ရှည် သီးနှံပင်တစ်မျိုးဖြစ်သောကြောင့် ကုန်စိမ်းဈေးကွက်မဟုတ်ဘဲ နိုင်ငံခြားဈေးကွက် ခိုင်မာစွာ ရရှိနိုင်ခြင်းတို့ကြောင့် စီးပွားဖြစ်စိုက်ပျိုးသင့်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။
Source ; မြန်မာ့ကြယ်ပဲစိုက်ပျိုးသူများအဖွဲ့