Main menu

ဗီယက်နမ်နိုင်ငံ Binh Duong ပြည်နယ်၏ သစ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄.၂ဘီလီယံကျော်ရရှိ

Powered by Drupal

        ယခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းသစ်ပရိဘောဂထုတ်လုပ်ရာ အချက်အခြာဖြစ်သည့် Binh Duong ပြည်နယ်သည် သစ်ထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၄.၂ဘီလီယံကျော်ရရှိခဲ့ကြောင်းသိရပါသည်။ Binh Duong  ပရိဘောဂအသင်းဥက္ကဋ္ဌဖြစ်သူ Nguyen Liem က တင်ပို့သည့်တန်ဖိုး သိသာစွာမြင့်တက်လာမှုနှင့်အတူ သစ်ကဏ္ဍသည် အားကောင်းစွာနာလန်ထူလာကြောင်းပြောကြားခဲ့ပါသည်။ အမေရိကန်သည် အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး ကနဦးခန့်မှန်းခြေထက် ၂၀ရာခိုင်နှုန်းကျော်ကြီးထွားခဲ့ကြောင်းသိရပါသည်။ ဩဂုတ်လ(၁)လတည်း ပြည်နယ်၏သစ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၂၈သန်းတန်ဖိုးရှိပြီး ဇူလိုင်လတင်ပို့မှုထက် ၂၅ရာခိုင်နှုန်းမြင့်တက်လာကာ ယခု ၂၀၂၄ခုနှစ်၊  ပထမ(၈)လတာအတွက် အမေရိကန်ဒေါ်လာ ၄.၂ဘီလီယံဝင်ငွေရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၄ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ယခုကဲ့သို့ မြင့်တက်လာမှုသည် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားနာလန်ထူလာမှုနှင့် ဗီယက်နမ်ထုတ်ကုန်များ၏ အရည်အသွေးမြင့်တက်လာမှုကို ရောင်ပြန်ဟပ်ကြောင်းသိရပါသည်။ ကုမ္ပဏီများသည်  အစိမ်းရောင်ထုတ်လုပ်မှုနှင့် သန့်စင်သောထောက်ပံ့မှုကွင်းဆက်တို့တွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ဈေးကွက်လိုအပ်ချက်အသစ်များကို လိုက်လျောညီထွေပြောင်းလဲနိုင်ခဲ့ကြောင်းသိရပါသည်။ Liem က အသင်းသည် ၎င်းတို့၏ထုတ်ကုန်များကို တင် သွင်းမည့်သူများ၏ တင်းကြပ်သည့်စည်းမျဉ်းများနှင့်ကိုက်ညီစေရန် အရေအတွက်ပိုင်းတွင်သာမက အရည်အသွေးပိုင်းကိုပါ အာရုံစိုက်ထားကြောင်းပြောကြားခဲ့ပါသည်။ ယခုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရန် ပြည်နယ်၏သစ်လုပ်ငန်းများသည် နိုင်ငံတကာမှ သုံးစွဲသူများ၏လိုအပ်ချက်များကို ပိုမိုကိုက်ညီစေရေးအတွက် နည်းပညာ၊ သုတေသနနှင့် ဈေးကွက်တင်ရောင်းချခြင်းတို့တွင် ရင်းနှီးမြှုပ်နှံနေကြကြောင်းသိရပါသည်။ အသင်းသည် ယခုနှစ်ကုန်တွင် ဗီယက်နမ်၏ သစ်ကဏ္ဍတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၅ဘီလီယံကျော်ရရှိရန်ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းများအား ကမ္ဘာ့ဈေးကွက်နှင့်ချိတ်ဆက်ခြင်းနှင့် တင်ပို့မှုကြီးထွားလာစေရေး ပံ့ပိုးပေးမှုတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟုသိရပါသည်။

Source: Vietnam Plus 

DOCA(ရန်ကုန်)