Main menu

ဘင်္ဂလားဒေ့ရှ်၏ စပါးအထွက်ကျဆင်းပြီး ဂျုံစားသုံးမှုမြင့်တက်မည်ဟု အမေရိကန်စိုက်ပျိုးရေးဌာန ခန့်မှန်း

Powered by Drupal

      ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ရေလွှမ်းမိုးမှုများကြောင့် ထိခိုက် ပျက်စီးမှုဖြစ်ပေါ်လျက်ရှိရာ ရိတ်သိမ်းရရှိနိုင်မည့် ဧရိယာပမာဏသည် ဟက်တာပေါင်း ၁၁.၅ သန်း အောက်သို့ လျော့ကျဖွယ်ရှိပြီး ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်တွင် ကြိတ်ခွဲပြီး ဆန်တန်ချိန် ၃၆.၈ သန်းခန့်သာ ထွက်ရှိနိုင်မည်ဟု အမေရိကန်ပြည်ထောင်စု၊ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှုဌာန (Foreign Agricultural Service  ̶  FAS) က အစီရင်ခံဖေါ်ပြ ခဲ့သည်။

     အဆိုပါအစီရင်ခံစာ၌ အထွက်ကျဆင်းမှုနှင့် ဈေးနှုန်းကြီးမြင့်မှုများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အဓိကအစားအစာဖြစ်သော ဆန်ကို စားသုံးမှုသည်လည်း ယခင်ခန့်မှန်းထားသည့် ပမာဏ အောက် တန်ချိန် ၃၀၀၀၀၀ လျှော့ချလျက် ၂၀၂၄-၂၅ ခုနှစ်တွင် တန်ချိန် ၃၇.၇ သန်းသာ သုံးစွဲဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်၍ ငွေကြေး ဖောင်းပွမှု လွန်စွာမြင့်မားခြင်းကို ကြုံတွေ့ခဲ့ရပြီး ၎င်းအချက်က စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းကို ထိခိုက်စေခဲ့ကြောင်း၊ ဇူလိုင် ၃၁ ရက်နေ့မှစ၍ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးသည် ဆန်တင် သွင်းခြင်း မရှိခဲ့ကြောင်း FAS ဌာနက ဖော်ပြထားသည်။

      ထို့အပြင် အိန္ဒိယ၏ ဘာစမာတီမဟုတ်သော ဆန်ဖြူများတင်ပို့မှုအား တားမြစ်ကန့်သတ် ချက်နှင့် ကမ္ဘာ့ဆန်ဈေးနှုန်းများ ကြီးမြင့်နေမှုအရ တင်သွင်းမည့်ဆန်၏ တန်ဖိုးသည် ပြည်တွင်း၌ ထုတ်လုပ်သည့်ဆန်ထက် စရိတ်ပိုမိုများပြားနိုင်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နိုင်ငံတကာ ဈေးကွက်မှဆန်ကို တင်သွင်းဖွယ်မရှိသည့် အခြေအနေရှိသည်။ 

    ဆန်တင်သွင်းရန် စိန်ခေါ်မှုများရှိနေမှုနှင့်အတူ ထုတ်လုပ်မှုကျဆင်းမည့် အခြေအနေကို ထည့်သွင်းစဉ်းစားလျက် ဘင်္ဂလားဒေ့ရှ်ပြည်တွင်း၌ ဆန်ဈေးနှုန်းများမှာ မကြာမီကာလအတွင်း မြင့်တက်လာနိုင်ကြောင်း၊ ရလဒ်အားဖြင့် ဆန်စားသုံးမှုကျဆင်းမည်ဟု ခန့်မှန်းရကြောင်း၊ သို့သော် ဆန်ကိုအစားထိုးနိုင်သည့် ဂျုံမှုန့်၏ဈေးနှုန်းများမှာ ပိုမိုသက်သာမှုရှိနေသဖြင့် ဂျုံစားသုံးမှုသည် မြင့်တက်လာဖွယ်ရှိကြောင်း FAS က ပြောကြားထားသည်။

     ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်၏နောက်၌ ဂျုံသည် ဒုတိယ အရေးပါသည့် အဓိကအစားအစာ ဖြစ်သည်။ ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်မှုသည် ဂျုံဝယ်လိုအား စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ် အနေဖြင့် ၂၀၂၃-၂၄ ခုနှစ် ခန့်မှန်းချက်နည်းတူ ၂၀၂၄-၂၅ ခုနှစ်တွင်လည်း ဂျုံရိတ်သိမ်းမှုဧရိယာ ဟက်တာ ၃၁၀၀၀၀ မှ အထွက်တန်ချိန် ၁.၁ သန်းကို ထုတ်လုပ်နိုင်မည်ဟု FAS က ခန့်မှန်းထားသည်။

     FAS ဌာန၏ အစီရင်ခံစာအရ လက်ရှိကာလ နိုင်ငံတကာဈေးနှုန်းများတည်ငြိမ်မှု၊ ထောက်ပံ့ ပေးသွင်းရေး လွယ်ကူချောမွေ့မှုနှင့် ပြည်တွင်းအထွက်မြင့်မားမှုတို့ကို အခြေခံတွက်ချက်ပါက ဘင်္ဂလားဒေ့ရှ်၏ ဂျုံတင်သွင်းမှုသည် တန်ချိန် ၆.၆ သန်းရှိနိုင်ကြောင်း သိရှိရသည်။ အဆိုပါပမာဏ သည် ယခင်အကြိမ် ခန့်မှန်းထားသည်ထက် ၆.၅ ရာခိုင်နှုန်း ပိုမိုလာခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့မှ နောက်ဆုံးထုတ်ပြန်သော ကုန်သွယ်မှုအချက်အလက်များကို အခြေခံ၍ ၂၀၂၂-၂၃ ခုနှစ်၌ တင်သွင်းမှုထက် ၃၃ ရာခိုင်နှုန်းပိုမိုလျက် ၂၀၂၃-၂၄ ခုနှစ်တွင် ဂျုံတန်ချိန် ၆.၈ သန်းအထိ တင်သွင်းခဲ့ဖွယ်ရှိသည်ဟု FAS က ပြင်ဆင်ခန့်မှန်းခဲ့သည်။

     အိန္ဒိယနိုင်ငံသည် ဂျုံတင်ပို့မှုကို ၂၀၂၂ ခုနှစ် မေလမှ စတင်ပိတ်ပင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ် သွင်းကုန်လုပ်ငန်းရှင်များသည် ကြိတ်ခွဲစက်များသို့ ပေးသွင်းရန်အတွက် ရုရှားနိုင်ငံထံမှ ဂျုံများကို ပြောင်းလဲဝယ်ယူတင်သွင်းခဲ့သည်။ ယူကရိန်း၊ ကနေဒါ၊ ဩစတေးလျနှင့် ဘရာဇီး စသည့်နိုင်ငံများ ကလည်း ဘင်္ဂလားဒေ့ရှ်သို့ ဂျုံတင်ပို့လျက်ရှိသည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဂျုံစားသုံးမှုပမာဏ စုစုပေါင်းမှာ ၂၀၂၂-၂၃ ခုနှစ်နှင့် ၂၀၂၃-၂၄ ခုနှစ် တို့တွင် တန်ချိန် ၆.၇ သန်းနှင့် ၇.၅ သန်း အသီးသီးရှိခဲ့ရာမှ မြင့်တက်လာပြီး ၂၀၂၄-၂၅ ခုနှစ်၌ တန်ချိန်၇.၇ သန်းအထိ ရောက်ရှိနိုင်ကြောင်း၊ ဘီစကစ်၊ အချိုမုန့်၊ ပါစတာ၊ ခေါက်ဆွဲနှင့် မုန့်မျိုးစုံတို့အပေါ် ဝယ်လိုအားကြီးမားမှုနှင့်အတူ အိမ်ထောင်စုစားသုံးမှုအဆင့်၌ ဝယ်လိုအားများပြားလာခြင်းက ဂျုံသုံးစွဲမှုပမာဏကို မြင့်တက်စေလျက်ရှိကြောင်း သိရှိရသည်။

Source: World Grain, 4 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)