Main menu

တရုတ်နိုင်ငံ၏ ပဲပုပ်တင်သွင်းမှု ဩဂုတ်လ၌ တန်ချိန် ၁၂ သန်းကျော်ထိ စံချိန်တင်မြင့်တက်

Powered by Drupal

      အမေရိကန်နိုင်ငံ၌ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် နောက်တစ်ကြိမ်ထပ်မံ၍ သမ္မတအဖြစ် ရွေးကောက်ခံရပါက ကုန်သွယ်ရေးတင်းမာမှု မြင့်မားလာနိုင်ခြေရှိခြင်းကို စိုးရိမ်မှုနှင့်အတူ ကုန်သည်များက ဈေးနှုန်းများနိမ့်ကျနေသည့် အခွင့်အရေးအားအရယူလျက် ဝယ်ယူစုဆောင်းကြ သဖြင့် တရုတ်နိုင်ငံ၏ ဩဂုတ်လအတွင်း ပဲပုပ်စေ့တင်သွင်းမှုမှာ တန်ချိန် ၁၂.၁၄ သန်းအထိ စံချိန် တင် မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

     အကောက်ခွန်ဌာန၏ စက်တင်ဘာ ၁၀ ရက်နေ့ထုတ်ပြန်သော အချက်အလက်များအပေါ် အခြေပြု၍ ရိုက်တာသတင်းဌာနက တွက်ချက်ထားရှိမှုများအရ အဆိုပါ ပဲပုပ်စေ့များ တင်သွင်းခဲ့မှု ပမာဏသည် ယခင်နှစ် အလားတူကာလ၌ တင်သွင်းခဲ့သော တန်ချိန် ၉.၄၃ သန်းအပေါ် ၂၉ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။

     ထိုကဲ့သို့ ပဲပုပ်စေ့တင်သွင်းမှု မြင့်တက်လာခြင်းမှာ ယခင်လ၌ အကောက်ခွန်ရှင်းလင်းရေး ကိစ္စရပ်များ ကြန့်ကြာမှုရှိခဲ့သော ကုန်သင်္ဘောများအား ယခုလတွင် အပြီးသတ်ရှင်းလင်းနိုင်၍ဖြစ် ကြောင်း၊ ချီကာဂိုဈေးကွက်၌ ပဲပုပ်စေ့ဈေးနှုန်းများ နိမ့်ကျနေခြင်းက ယခင်လများတွင် ဝယ်ယူမှု အများအပြားပြုလုပ်ရန်အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ သမ္မတရွေးကောက်တင်မြောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရခဲ့ပါက အခွန်နှုန်းထားများ မြှင့်တင် နိုင်မည့်အရေးကို ကြိုတင်ဆောင်ရွက်မှုအဖြစ် ကုန်သည်များကဝယ်ယူနေကြသည်ဟု ပြောဆိုမှုများရှိကြောင်းဖြင့် ရှန်ဟိုင်းမြို့အခြေစိုက် စိုက်ပျိုးရေးအတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သော JCI မှ သုတေသီ Rosa Wang က ပြောကြားခဲ့သည်။

     တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေစီမံအုပ်ချုပ်ရေးဌာန၏ အချက်အလက်များအရ ယခုနှစ် ပထမ ၈ လအတွင်း ပဲပုပ်စေ့တင်သွင်းရောက်ရှိမှု စုစုပေါင်းမှာ တန်ချိန် ၇၀.၄၈ သန်းရှိပြီး ယခင်နှစ် ကာလတူ တင်သွင်းမှုအပေါ် ၂.၈ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း သိရှိရသည်။ တိရစ္ဆာန် အစား အစာနှင့် စားသုံးဆီထုတ်လုပ်ရန်အတွက် ကြိတ်ခွဲအသုံးပြုရသော ပဲပုပ်စေ့တန်ချိန် အမြောက် အမြား ရောက်ရှိလာမှုသည် အသားနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍ၏ သုံးစွဲမှု အားနည်းနေ သော စီးပွားရေးအခြေအနေတွင် ကမ္ဘာ့ထိပ်တန်း ဝယ်ယူသူဖြစ်သော တရုတ်နိုင်ငံ၌ ပဲပုပ်များ ပိုလျှံ ဖောင်းပွမှုကို ဖြစ်ပေါ်စေလျက်ရှိသည်။

      ပြည်တွင်းထွက် ပဲပုပ်စေ့နှင့် ပဲပုပ်ဆီကြိတ်ဖတ် မွေးမြူရေးအစားအစာများ သိုလှောင်ထားရှိမှုမှာ အနည်းငယ်ကျဆင်းခဲ့သော်လည်း ကုန်ကျန်ပမာဏမှာ မြင့်မားနေဆဲဖြစ်ကြောင်း၊ ပဲပုပ်ဆီကြိတ်ဖတ် ရောင်းလိုအားနှင့် ဝယ်လိုအားတို့အကြား ကွဲလွဲဆန့်ကျင်မှု ဖြစ်ပေါ်လျက်ရှိခြင်းကို သက်သာစေရန်မှာ အချိန်ကြာမြင့်မှု ရှိလိမ့်မည်ဖြစ်ကြောင်း၊ ပဲပုပ်ဆီကြိတ်ဖတ် ဈေးနှုန်းများသည်လည်း ကာလရှည်စွာ နိမ့်ကျနေဦးမည်ဖြစ်ကြောင်း MySteel စိုက်ပျိုးရေးအတိုင်ပင်ခံလုပ်ငန်းက အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

    တင်သွင်းလာသည့်ပဲပုပ်စေ့များ၏ ကုန်ကျစရိတ်မြင့်မားလာခြင်းက တရုတ်နိုင်ငံ၏ အဓိကကြိတ်ခွဲထုတ်လုပ်ရာ အချက်အချာဒေသဖြစ်သော Rizhao မြို့တွင် ဇူလိုင်လနောက်ပိုင်း အမြင့်မားဆုံးအဖြစ် စက်တင်ဘာလ ကြိတ်ခွဲမှုအမြတ်အစွန်းကို မြှင့်တင်ပေးခဲ့သည်။ သို့သော် ကြိတ်ခွဲထုတ်လုပ်သူများအနေဖြင့် ပဲပုပ်စေ့ ၁ တန်ကြိတ်ခွဲတိုင်း ယွမ်ငွေ ၃၀၀ (၄၂.၁၇ ဒေါ်လာ) ခန့် အရှုံးပေါ် နေဆဲဖြစ်သည်။

     ရိုက်တာသတင်းဌာနက ဈေးကွက်သုတေသန လေ့လာဆန်းစစ်ရေးအဖွဲ့ ၁၀ ခုသို့  စစ်တမ်းကောက်ယူခဲ့ရာတွင် ကမ္ဘာ့ထိပ်တန်း ပဲပုပ်စိုက်ပျိုးထုတ်လုပ်သည့် ဘရာဇီးနိုင်ငံ၌ မိုးရွာသွန်းမှု ကောင်းမွန်ဖွယ်ရှိမည့် ခန့်မှန်းချက်များအရ ၂၀၂၄-၂၅ စိုက်ပျိုးရေးနှစ်တွင် တောင်သူများအနေဖြင့် ယခင်နှစ်ကထက် ၁၄ ရာခိုင်နှုန်း ပိုမိုလျက် တိုးတက်ထုတ်လုပ်နိုင်ဖွယ်ရှိသည်ဟု သိရှိရသည်။

Source: Business Recorder, 10 Sept 2024

(လယ်ယာထွက်ကုန်များ နှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့် လေ့လာရေးအဖွဲ့)