Main menu

ကမ္ဘောဒီးယား၏ ဆန်စပါးနှင့်ငရုတ်ကောင်းကဏ္ဍများ၌ ဖိလစ်ပိုင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်စပါးနှင့် ငရုတ်ကောင်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

      စက်တင်ဘာ ၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီး Dith Tina နှင့် တွေ့ဆုံရာ၌ ဖိလစ်ပိုင်သံအမတ်ကြီး Flerrida Ann P. Mayo က နှစ်နိုင်ငံအကြား သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုနှင့် လယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုတို့ကို ခိုင်မာအားကောင်းစေရေး ဆက်လက်ဆောင်ရွက်သွားရန် ဖိလစ်ပိုင်နိုင်ငံဘက်မှ ကမ္ဘောဒီးယားနိုင်ငံသို့ တိုက်တွန်းထားကြောင်းဖြင့် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

      ဖိလစ်ပိုင်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံစေရေးနှင့် အထူးသဖြင့် ဒေသတွင်းရှိ အကြီးဆုံး ဆန်တင်ပို့မှုဈေးကွက်များထဲမှ တစ်ခုဖြစ်သည့် ဖိလစ်ပိုင်ဈေးကွက်သို့  ဆန်စပါးနှင့် ငရုတ်ကောင်းတို့ကို တင်သွင်းရေးကို ဆောင်ရွက်သွားမည်ဟု ကမ္ဘောဒီးယားနိုင်ငံ၌ တာဝန်ထမ်းဆောင်ရန် အသစ်ရောက်ရှိလာသော ဖိလစ်ပိုင်သံအမတ်ကြီးက အလေးအနက် ပြောကြားခဲ့ကြောင်း  အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

     ဆန်စပါးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်မည်ဟု ဖိလစ်ပိုင်သံအမတ်ကြီး၏ ကတိပြုပြောဆိုမှုနှင့်စပ်လျဉ်း၍ Mr. Tina က ဖိလစ်ပိုင်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကမ္ဘောဒီးယား ဆန်စပါး အသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံကြား အပင်ပိုးမွှားနှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ပိုမိုလေ့လာသွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားအနေဖြင့် ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုကို ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

      ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul နှင့် သီးခြား တွေ့ဆုံရာ၌  ဖိလစ်ပိုင်သံအမတ်ကြီး Flerida Ann Camille P. Mayo က နှစ်နိုင်ငံအဆင့်နှင့် ဒေသတွင်းအဆင့်များတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် ကျေနပ်အားရမှုရှိကြောင်း၊ ဖိလစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး၊ Franchise ဆိုင်ခွဲလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တည်ဆောက်ရေး၊ အစားအစာနှင့် လက်သည်းအလှဆင်ခြင်း စသည့် နယ်ပယ်များတွင် စီးပွားရေးဆောင်ရွက်ရန် စိတ်ဝင်စားလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံတိုးမြှင့်ရန်အတွက် အပြန်အလှန်အမြင်ချင်း ဖလှယ်ခဲ့ကြပြီးနောက် ကုန်စည်နှင့်ဝန်‌ဆောင်မှုတို့တွင် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Source: Khmer Times, 6 Sept 2024(လယ်ယာထွက်ကုန်များ နှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့် လေ့လာရေးအဖွဲ့)