Main menu

ဩစတေးလျသို့ ဗီယက်နမ်မှ ပင်မှည့်သီးများ စတင်တင်ပို့

Powered by Drupal

     ဗီယက်နမ်နိုင်ငံတွင် သရက်၊ လုံငန်းသီး (သို့မဟုတ်) တောကြက်မောက်သီး၊ လိုင်ချီးနှင့် နဂါးမောက်သီးတို့ပြီးလျှင် ပင်မှည့်သီးသည် ဩစတြေးလျနိုင်ငံသို့် ပဥ္စမမြောက်တရားဝင်တင်ပို့ သည့် သီးနှံတစ်ခုဖြစ်လာကြောင်း သိရှိရပါသည်။

     ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုဝန်ကြီးဌာန အောက်ရှိ အပင်ကာကွယ်ရေး ဦးစီးဌာနနှင့် ဗီယက်နမ်ရှိ ဩစတြေးလျသံရုံးတို့ ပူးပေါင်းလျက် ဗီယက်နမ်ပင်မှည့်သီးများကို ဩစတြေးလျသို့တင်ပို့မှုနှင့် ဩစတြေးလျဆီးသီးများကို ဗီယက်နမ်သို့ တင်သွင်းမှု စတင်ကြောင်း ကြေညာသည့် အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

    ဗီယက်နမ်အပင်ကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Huynh Tan Dat က ဗီယက်နမ် နိုင်ငံအနေဖြင့် အပူပိုင်းဒေသ သစ်သီးများအား စိုက်ပျိုးဖြစ်ထွန်းမှု အလားအလာကောင်းများကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့သည်။ လက်ရှိကာလ၌  ဗီယက်နမ်သစ်သီးများကို နိုင်ငံပေါင်း ၆၀ ကျော်သို့ တင်ပို့လျက်ရှိပြီး အထူးသဖြင့်ပင်မှည့်သီးများကို နိုင်ငံပေါင်း ၂၀ သို့ လတ်ဆတ် သစ်သီး၊ အေးခဲသစ်သီးနှင့် အချိုရည် စသည့်ပုံစံများဖြင့် တင်ပို့လျက်ရှိပါသည်။

    လက်ရှိအချိန်တွင် ဗီယက်နမ်နိုင်ငံ၌ ပင်မှည့်သီး စိုက်ပျိုးမှုဧရိယာ ဟက်တာ ၁၂၀၀၀ ကျော်ရှိပြီး မြောက်ပိုင်းတောင်တန်းဒေသများတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ အလယ်ပိုင်းကုန်းမြင့်ဒေသများရှိ ခရိုင်အများအပြားတွင်လည်း ပင်မှည့်သီးစိုက်ဧကကို တိုးချဲ့လျက်ရှိကြောင်း သိရှိရပါသည်။

   မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်နိုင်ငံသည် ပင်မှည့်သီးအဝါနှင့် ပင်မှည့်သီးခရမ်း အရောင်မျိုးကွဲနှစ်မျိုးလုံးအား အဓိကထား၍ ထုတ်ကုန်ဆိုင်ရာ နောက်ကြောင်းပြန်ခြေရာခံခြင်းနှင့် ထုတ်လုပ်မှုကွင်းဆက်မြှင့်တင်ခြင်းတို့ဖြင့် ပင်မှည့်သီးများ၏ အရည်အသွေး တိုးတက်ကောင်း မွန်စေရေး အလေးထားဆောင်ရွက်ခဲ့သည်။ ပင်မှည့်သီးထုတ်ကုန်များမှ အကျိုးအမြတ်ပိုမိုရရှိရန်နှင့် တင်သွင်းမည့်နိုင်ငံများ၏ စည်းမျဉ်းစည်းကမ်းများအားလိုက်နာ၍ ပင်မှည့်သီးထုတ်လုပ်မှုကို တိုးမြှင့်သွားရန်အတွက် အပင်ကာကွယ်ရေးဦးစီးဌာန အနေဖြင့် လယ်သမားများနှင့် ဒေသခံ ပြည်သူများအား ညွှန်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

     ဗီယက်နမ်နှင့် ဩစတြေးလျ နှစ်နိုင်ငံအနေဖြင့် သစ်သီးဝလံအပါအဝင် လယ်ယာထုတ်ကုန် များအား ကုန်သွယ်မှုပြုရာတွင်  နှစ်နိုင်ငံလုံးအတွက် အကျိုးရှိသည့် မိတ်ဖက်ဆက်ဆံရေးကို ရရှိ ခံစားရလျက်ရှိကြောင်း၊ နှစ်ဦးနှစ်ဘက် အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းအားထုတ်မှုတို့၏ အကျိုးရလဒ်အဖြစ် တစ်နိုင်ငံမှ အရည်အသွေးမြင့်မားသည့် သစ်သီးဝလံများသည်  အခြားတစ်နိုင်ငံ ဈေးကွက်သို့ ဝင်ရောက်လာကြောင်း၊ ဗီယက်နမ် ပင်မှည့်သီးကို အကဲဖြတ်ပေးရလျှင် အလွန်အရသာရှိသော သစ်သီးဖြစ်ကြောင်း၊ နှစ်နိုင်ငံလုံးအနေဖြင့် ဗီယက်နမ်မှ ရှောက်ချိုသီးနှင့် ဩစတြေးလျ ဘလူးဘယ်ရီသီးများကို အပြန်အလှန်ဈေးကွက်တင်ပို့နိုင်ရေး ရှေ့လာမည့် ကာလ တွင် ဆက်လက်အပြီးသတ် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Andrew Goledzinowski က ပြောကြားခဲ့ပါသည်။

Source : Vietnam Plus, 10 Sept 2024(လယ်ယာထွက်ကုန်များ နှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့် လေ့လာရေးအဖွဲ့)