အဓမ္မအလုပ်ခိုင်းစေမှု သို့မဟုတ် ကလေးလုပ်သား အသုံးပြု၍ ထုတ်လုပ်သည်ဟု သံသယရှိသောပို့ကုန်စာရင်းမှ ထိုင်းနိုင်ငံ၏ ပုစွန်ထွက်ကုန်များအား အမေရိကန်အစိုးရမှ ဖယ်ရှားလိုက်သည်ဟု ထိုင်းအလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn က ပြောကြားခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်သည် ပုစွန်ထုတ်လုပ်မှုကဏ္ဍအတွက်သာမက ငါးဖမ်းလုပ်ငန်းနှင့် လုပ်သားအင်အား အခြေပြုလုပ်ငန်းများအတွက်ပါ အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ အမေရိကန်ဈေးကွက်ရှိ ထိုင်းစီးပွားရေးလုပ်ငန်းများအတွက် ကုန်သွယ်မှုနှင့် ပို့ကုန်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်လာရန် မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံအများအပြားတွင် ကလေးလုပ်သား သို့မဟုတ် အဓမ္မအလုပ်ခိုင်းစေမှုမှတစ်ဆင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေများကို စက်တင်ဘာ ပထမ ပတ် အစောပိုင်းတွင် အမေရိကန်နိုင်ငံ အလုပ်သမားဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း၊ ကလေးလုပ်သားအား အဓမ္မစေခိုင်း၍ ထုတ်လုပ်ထားသည့် ကုန်စည်များကို ခြေရာခံထားသော ၂၀၂၄ ခုနှစ် အတွက် ကလေးလုပ်သား သို့မဟုတ် အဓမ္မအလုပ်ခိုင်းစေမှုမှတစ်ဆင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများစာရင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ အမိန့်များစာရင်းမှ ထိုင်းနိုင်ငံ၏ ပုစွန်အား ဖယ်ရှားခဲ့ကြောင်း သိရှိရသည်။
အမေရိကန် အလုပ်သမားဦးစီးဌာနသည် ထိုင်းနိုင်ငံမှ ပုစွန်များကို ၎င်း၏ အုပ်ချုပ်ရေးဆိုင် ရာ အမိန့်များစာရင်းတွင် ၂၀၀၉ ခုနှစ်မှ စတင်ထည့်သွင်းခဲ့ကြောင်း၊ အဆိုပါစာရင်းသည် အတင်း အဓမ္မစေခိုင်းခံရသော ကလေးလုပ်သားများ၏ လုပ်အားကို အသုံးပြုထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများအား အမေရိကန်ပြည်ထောင်စု အေဂျင်စီများမှ ၀ယ်ယူခြင်းမပြုရေး အာမခံချက်ပေးရန် ရည်ရွယ်ကြောင်း သိရှိရသည်။
အမေရိကန်၏ ဝယ်ယူရေးစည်းမျဉ်းများအောက်တွင် ထုတ်ကုန်များကို ထောက်ပံ့ပေးသွင်း သည့် စာရင်း၌ပါရှိသော ပြည်ထောင်စုကန်ထရိုက်တာများအနေဖြင့် ယင်းကုန်စည်များ ထုတ်လုပ် ရာတွင် အတင်းအဓမ္မ စေခိုင်းခံရသော ကလေးလုပ်သားများအား အသုံးပြုခြင်းရှိ/မရှိကို စစ်ဆေးဆုံးဖြတ်ရန် ကောင်းစွာကြိုးပမ်းအားထုတ်ခဲ့သည်မှာ မှန်ကန်ကြောင်း တရားဝင်ဖော်ပြရမည်ဖြစ် သည်။
ထိုင်းအလုပ်သမား အသုံးပြုမှုဆိုင်ရာ အလေ့အထများနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံ၏ အကဲဖြတ်ချက်အသစ်တွင် ပုစွန်လုပ်ငန်းတွင် အဓမ္မအလုပ်ခိုင်းစေမှု သို့မဟုတ် ကလေးလုပ်သား အသုံးပြုမှုနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုလုံးမှ ကြိုးပမ်းအား ထုတ်ခဲ့သည်ကို တွေ့ရှိခဲ့သည်ဟု Mr Phiphat က ပြောကြားခဲ့သည်။
ထိုင်းအလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးဌာန၏ အကြီးအကဲ Sopha Kiatniracha ကလည်း ပုစွန်ထုတ်လုပ်မှုကဏ္ဍတွင် အဓမ္မအလုပ်ခိုင်းစေမှုနှင့် ကလေးလုပ်သားအသုံးပြုမှုတို့ ပပျောက်ရေးအတွက် ဌာနအနေဖြင့် ဥပဒေများကို လိုက်နာမှုရှိစေရေး တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိခဲ့ကြောင်း၊ စံပြုလုပ်သားခိုင်းစေမှု အလေ့အထများကို ကျင့်သုံးစေရန်အတွက် ပုစွန်ထုတ် လုပ်သည့်လုပ်ငန်းနှင့် ၎င်း၏ထုတ်ကုန်ကွင်းဆက်တို့၌ ကြိုတင်ကာကွယ်လုပ်ဆောင်မှုနှင့်အတူ တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ အလွဲသုံးစားပြုမှု တားဆီးရေးအတွက်လည်း အစိုးရမဟုတ်သောအဖွဲ့အစည်း ၁၂ ခုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: Bangkok Post, 6 September, 2024(လယ်ယာထွက်ကုန်များ နှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့် လေ့လာရေးအဖွဲ့)