ဆန်တင်သွင်းသည့် နိုင်ငံအများစုသည် ဆန်မွှေးအမျိုးအစားကို ဝယ်ယူလျက်ရှိမှုနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ကျွန်းနိုင်ငံများ အများအပြားနှင့် အခြား ၉ နိုင်ငံတို့အပါအဝင် စျေးကွက်အသစ်များသို့ ဆန်တင်ပို့မှု ချဲ့ထွင်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ ဥက္ကဋ္ဌ Chan Sokheang က ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ ဆန်မွှေးတင်ပို့မှုကို ဂျပန်နိုင်ငံသို့ တန် ၁၄၀ ၊ လတ်ဗီးယားသို့ တန် ၃၅၀ ၊ လက်ဘနွန်သို့ ၂၂ တန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ ၃၁၉ တန်၊ အာဖရိကသို့ ၅၂ တန်၊ ကိုမိုရို (Comoros) ကျွန်းများသို့ ၂၅ တန်၊ မကာအို (တရုတ်) သို့ ၈၅ တန်၊ နယူးကယ်လီဒိုးနီးယားသို့ ၂၁၃၅ တန်နှင့် မာတီနစ် (Martinique) သို့ ၆၄ တန် အသီးသီးဈေးကွက်အသစ်များ ချဲ့ထွင်တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။
အဆိုပါဈေးကွက်အသစ်များသို့ ဆန်တင်ပို့မှုပမာဏသည် နည်းပါးနေဆဲဖြစ်ပြီး ကနဦး စမ်းသပ်တင်ပို့မှုသာဖြစ်ကြောင်း CRF ဥက္ကဋ္ဌက အတည်ပြုပြောကြားခဲ့ပြီး ကမ္ဘောဒီးယား၏ အရည်အသွေးမြင့်ဆန်အား လူသိများလာမှုအရ ၎င်းဈေးကွက်များသည် ဆန်ပိုမို ဝယ်ယူတင်သွင်းလာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယခုနှစ် ပထမခုနစ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံမှ ဆန်ပို့ကုန်လုပ်ငန်းပေါင်း ၅၃ ခုသည် ရည်မှန်းထားသည့် ဈေးကွက်ဒေသ ၆၄ ခု သို့ ဆန်တန်ချိန် ၃၇၉၅၄၆ တန်ကို တင်ပို့ခဲ့ပြီး တန်ဖိုး ဒေါ်လာသန်း ၂၈၀ ရရှိခဲ့ကြောင်း၊ ပြည်ပသို့ တင်ပို့သည့် ဆန်များတွင် ဆန်မွှေး ၇၀.၅၂ ရာခိုင်နှုန်း၊ ဆန်ဖြူ ၂၄.၃၀ ရာခိုင်နှုန်း၊ ပေါင်းဆန် ၃.၁၆ ရာခိုင်နှုန်း၊ အော်ဂဲနစ်ဆန် ၁.၇၄ ရာခိုင်နှုန်းနှင့် အခြားဆန်မျိုးကွဲများ ၀.၂၈ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရပါသည်။
Source: Khmer Times, 5 Sept 2024(လယ်ယာထွက်ကုန်များ နှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့် လေ့လာရေးအဖွဲ့)