Main menu

ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တင်သွင်းမှု မြင့်တက်ပြီး ဈေးနှုန်းများကျဆင်း

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ဇန်နဝါရီလမှ သြဂုတ်လအထိ စုစုပေါင်း တန်ချိန် ၂.၈ သန်း ရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလ၌ တင်သွင်းခဲ့သော ဆန်တန် ၂.၃ သန်းထက် ၁၉ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးဦးစီးဌာန (DA) ၏ အချက်အလက်များ အရ သိရသည်။

    အဆိုပါဌာနရှိ စိုက်ပျိုးရေးဗျူရိုမှ နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတွင် ပြည်ပမှဆန် ဝင်ရောက်မှုသည် သြဂုတ်လ တစ်လတည်း၌ပင် ၂၉၆၃၅၀ တန်ရှိပြီး ဇူလိုင်လတွင် ဝင်ရောက် သည့် ဆန် ၁၆၇၄၀၃.၈ တန်ထက် ပိုမိုလာခဲ့သည်။ သို့သော် ၎င်းပမာဏသည် အစောပိုင်းလများ တွင် ပျမ်းမျှလစဉ်ဝင်ရောက်ခဲ့သည့် ဆန်တန်ချိန် ၄၀၀၀၀၀ အောက် လျော့နည်းနေဆဲဖြစ်ကြောင်း သိရသည်။

    ပုံမှန်စက်ကြိတ်အဆင့်ဆန်နှင့် ကောင်းမွန်သောစက်ကြိတ်အဆင့်ဆန် နှစ်မျိုးလုံးအတွက်  ဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် ပီဆို ၄၅ ဝန်းကျင်နှင့် အချို့ဒေသများတွင် ပီဆို ၄၂ အထိ ကျဆင်းလာကြောင်း စိုက်ပျိုးရေး လက်ထောက်အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Arnel de Mesa က စက်တင်ဘာ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

    လယ်ယာစိုက်ပျိုးရေးဦးစီးဌာနသည် ယခုနှစ်တွင် စပါးမက်ထရစ်တန်ချိန် ၂၀.၄ သန်း သို့မဟုတ် ဆန်တန်ချိန် ၁၃.၇ သန်း ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။ စိုက်ပျိုးရေး အတွင်းဝန် Francisco Tiu Laurel Jr. က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် Executive Order 62 ၏ အကျိုးသက်ရောက်မှုများကို အောက်တိုဘာလတွင် စတင်ခံစားနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ လွန်ခဲ့သည့် ဇွန်လအတွင်း အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့က တင်သွင်းသည့် ဆန်များအပေါ် အခွန်ကောက်ခံမှုအား ယခင် ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ခြင်းကြောင့် နိုင်ငံတွင်း လက်လီဈေးနှုန်းများကို ကျဆင်းစေခဲ့သည်ဟု သိရပါသည်။

   ယခုနောက်ဆုံးတင်သွင်းခဲ့သော ဆန်ပမာဏသည် သွင်းကုန်များအား ဆိပ်ကမ်းရှင်းလင်းရန်အတွက် အသိအမှတ်ပြုထားသောကုန်သည်များထံသို့ စိုက်ပျိုးရေးဗျူရိုမှ ထုတ်ပေးခဲ့သော တိရစ္ဆာန်နှင့်အပင်များ ကျန်းမာရေးနှင့်ရောဂါကင်းရှင်းရေးဆိုင်ရာ သက်သေခံလက်မှတ်စောင်ရေ ၃၈၃၀ စောင်နှင့် ကိုက်ညီမှုရှိပါသည်။

     စိုက်ပျိုးရေးဗျူရို၏ အစီရင်ခံစာတွင် ဗီယက်နမ်သည် ဖိလစ်ပိုင်နိုင်ငံ၏ အဓိက ဆန်အရင်း အမြစ်အဖြစ် ဆက်လက်တည်ရှိနေခဲ့ပြီး စုစုပေါင်းတင်သွင်းမှု၏ ၇၇ ရာခိုင်နှုန်းခန့်ရှိသော ဆန်တန်ချိန် ၂.၁၇ သန်းကျော်ကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏နောက်တွင် ထိုင်းမှ ၃၇၁၃၉၀ တန်၊ ပါကစ္စတန်မှ ၁၅၆၁၂၁ တန်နှင့် မြန်မာနိုင်ငံမှ ၆၆၉၁၀ တန်တို့ဖြစ်ပြီး ကျန်ပမာဏများမှာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကမ္ဘောဒီးယား၊ အီတလီနှင့် စပိန်တို့မှဖြစ်ကြောင်း ဖော်ပြထားသည်။

     ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းသို့ ဆန်တင်သွင်းမှု စုစုပေါင်းတန်ချိန် ၃.၆ သန်းရှိပြီး စံချိန်တင် မြင့်မားခဲ့သည့် ၂၀၂၂ ခုနှစ်၌ တင်သွင်းမှု တန်ချိန် ၃.၈၂ သန်းအောက် ၅.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေးဦးစီးဌာနသည် ၂၀၂၄ ခုနှစ်အတွက် ဆန်တင်သွင်းမှုကို ယခင်နှစ် ပမာဏထက် မကျော်လွန်စေရန် စီမံထားကြောင်း၊ လာမည့်လများအတွင်း ဆန်ဈေးနှုန်းများ ဆက် လက်ကျဆင်းမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။

    ဆန်ဈေးနှုန်းဖောင်းပွမှုသည် ဇူလိုင်လ၌ ၂၀.၉ ရာခိုင်နှုန်းရှိရာမှ သြဂုတ်လတွင် ၁၄.၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့၏ အစီရင်ခံစာ၌ ဖော်ပြ ထားသည်။ စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှုသည်လည်း ၆.၇ ရာခိုင်နှုန်းမှ ၄.၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ရလဒ်အနေဖြင့် စုစုပေါင်း ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့်လတွင် ၃.၀ ရာခိုင် နှုန်းသို့ ကျဆင်းခဲ့သည်။

    စိုက်ပျိုးရေးလက်ထောက်အတွင်းဝန် de Mesa က ဆန်ဈေးနှုန်းများ သိသာစွာကျဆင်း ခဲ့သဖြင့် ကျေနပ်အားရကြောင်းနှင့် လာမည့်လများတွင်လည်း ထပ်မံကျဆင်းရန် မျှော်လင့်ထား ကြောင်း၊ လက်ရှိ ရာသီဥတု၏ အနှောင့်အယှက်သည် ကြီးမားသော ထိခိုက်မှုမရှိနိုင်ကြောင်းနှင့် နှစ်စဉ်ဆုံးရှုံးမှုများသည် စီမံခန့်ခွဲနိုင်သော ကန့်သတ်ချက်များအတွင်းသာရှိကြောင်း ပြောကြားခဲ့ ပါသည်။   

Source: Manila Times, September 6, 2024(လယ်ယာထွက်ကုန်များ နှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့် လေ့လာရေးအဖွဲ့)