အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) သည် ၂၀၂၄ ခုနှစ်အကုန်တွင် အစိုးရ၏ အရန်ရိက္ခာဆန်ကို တန်ချိန် ၂ သန်းအထိ တိုးမြှင့်ရန် ရည်ရွယ်ထားပြီး နိုဝင်ဘာလတွင် ဒေသတွင်း ရွေးကောက်ပွဲများမတိုင်မီ ဆန်ဝယ်လိုအား မြင့်တက်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။
ယခုနှစ်ကုန်နှင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆန်စပါးထုတ်လုပ်မှု ကျဆင်းမည်ဟု ခန့်မှန်းထားသောကြောင့် အရန်ဆန်သိုလှောင်မှုကို တိုးမြှင့်ရန်လိုအပ်ကြောင်း Bapanas ၏ အကြီးအကဲ Arief Prasetyo Adi က စက်တင်ဘာ ၄ ရက်နေ့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံကျင်းပသော အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများသည် အရေးကြီးသည့်လများဖြစ်သောကြောင့် နိုင်ငံပိုင်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ Bulog သည် အရန်ဆန်များကို လက်ရှိကာလ တန်ချိန် ၁ ဒသမ ၃ သန်းမှ တိုးမြှင့်၍ တန်ချိန် ၂ သန်းထက် ပိုမိုထားရှိရမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၂ ရက်နေ့အထိ Bulog ၏ အရန်ဆန်လက်ကျန်စာရင်းမှာ တန်ချိန် ၁.၃၉ သန်းရှိပြီး လက်ဝယ် သိုလှောင်မှု တန်ချိန် ၁.၃၁ သန်းနှင့် ပြည်ပမှတင်သွင်းထားသည့် လမ်းခုလတ်လက်ကျန် ၈၄၇၅၀ တန် ဖြစ်ကြောင်း၊ ယခုအချိန်သည် အရန်ဆန်စပါးများ တိုးမြှင့်ရန် အချိန်ကောင်းဖြစ်ကြောင်း Adi က ပြောကြားခဲ့သည်။
အင်ဒိုနီးရှား စာရင်းအင်းဌာန၏ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ဩဂုတ်လ ၂၂ ရက်နေ့ထိ ဧရိယာ နမူနာမူဘောင် ကွက်ကောက်လေ့လာတွေ့ရှိချက်အရ စက်တင်ဘာလနှင့် အောက်တိုဘာလကာလများတွင် ဆန်ထုတ်လုပ်မှုသည် တန်ချိန်၂.၈၇ သန်းနှင့် တန်ချိန် ၂.၅၉ သန်း အသီးသီး တိုးမြင့်လာနိုင်ကြောင်း သိရပါသည်။ ဆန်ထုတ်လုပ်မှု တန်ချိန် ၂.၀၆ သန်းနှင့် တန်ချိန် ၂.၀၅ သန်း အသီးသီး စံချိန်တင်ခဲ့သည့် ဇွန်လနှင့် ဇူလိုင်လတို့ နှိုင်းယှဉ်ပါက ကိန်းဂဏန်းများ တိုးလာသည်ကို ထင်ဟပ်စေပါသည်။ စာရင်းအင်းဌာန၏ စစ်တမ်းအရ စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်း ထုတ်လုပ်မှုသည် အလားတူကာလအတွက် တစ်နိုင်ငံလုံး ဆန်စားသုံးမှု တန်ချိန် ၂.၅၈ သန်းကို ကျော်လွန်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။
ယခုနှစ်တွင် ဆန်တင်သွင်းမှုခွဲတမ်း တန်ချိန် ၃ ဒသမ ၆ သန်း ရရှိထားသည့် အေဂျင်စီသည် ဆန်တင်သွင်းမှု တန်ချိန် ၂ ဒသမ ၄ သန်း တင်သွင်းထားပြီးဖြစ်ကြောင်း Bulog ဥက္ကဋ္ဌ Bayu Krisnamurthi က အစောပိုင်းတွင် ပြောကြားခဲ့သည်။ ကျန်ခွဲတမ်းတန်ချိန် ၁ ဒသမ ၂ သန်းကို ဒီဇင်ဘာလ မတိုင်မီ တင်သွင်းနိုင်မည်ဟု ခန့်မှန်းထားပြီး ပြည်ပမှ တင်သွင်းလာသော ဆန်များကို ဆန်စပါးထောက်ပံ့ရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေး (SPHP) အစီအစဉ် အပါအဝင် အစိုးရအရန်ဆန် အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: Antara News, 4 Sept 2024(လယ်ယာထွက်ကုန်များ နှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့် လေ့လာရေးအဖွဲ့)