Main menu

ပခုက္ကူမြို့ သကြားပြောင်းဖူးဈေးကွက်

Powered by Drupal

       သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာအဖြစ် အမယ်မျိုးစုံ ပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာခြင်းရှိ၍ နိုင်ငံအတွင်း ရာသီမရွေး သီးထပ်စိုက်ပျိုးလျက်ရှိကြသည်။ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံ ဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ကျွန်းညိုကြီးရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့များအပြင် ညောင်ဦးမြို့နယ်အတွင်းရှိ အထက်ညဥ့်၊ အောက်ညဥ့်ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ စက်တင်ဘာလ(ပထမပတ်)တွင် ဈေးကွက်သို့ သကြားပြောင်းဖူးများ ဝင်ရောက်မှုများလာသော်လည်း ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

        သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ပြောင်းဖူးအရွယ်အစား၊ အစေ့ အကြီးအသေး အောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်ပြီး တစ်ဖူးလျှင် လက်ကား ဈေး ကျပ်(၅၀၀ - ၂၀၀)၊ လက်လီဈေး တစ်ဖူးလျှင် ကျပ်(၆၅၀ - ၃၀၀)၊ ပြောင်ဖူးစေ့အစို နို့ဆီတစ်ဗူးလျှင် ကျပ်(၄၀၀)၊ (၃)ဗူးလျှင် ကျပ်(၁၀၀၀)နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်ဩဂုတ်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူး တစ်ဖူးလျှင် ကျပ်(၁၀၀)ခန့် ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ စိုက်ပျိုး မှုအနေဖြင့် သကြားပြောင်းဖူးတစ်ဧက စိုက်ပျိုးလျှင် ကျပ်(၁၀)သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် အဖူးရေ (၇၀၀၀)ခန့် ထွက်ရှိကြောင်း၊ လက်ကားဈေး ပျမ်းမျှတစ်ဖူးလျှင် ကျပ်(၃၅၀) ဖြင့် ရောင်းချပါက ဝင်ငွေမှာ ကျပ်(၂၄)သိန်းခန့်ရရှိ၍ တစ်ဧကလျှင် ကျပ်(၁၄)သိန်းခန့် အကျိုး အမြတ်ရရှိကြောင်း၊ စိုက်တောင်သူများအနေဖြင့် မိမိတို့ စိုက်ပျိုးထွက်ရှိသော သကြားပြောင်းဖူးကို အရွယ်(၃)ပါးမရွေး ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိ၍ ဈေးကွက်ခိုင်မာပြီး ရောင်းအားဝယ်အားကောင်းခြင်းကြောင့် သကြားပြောင်းဖူးကို နှစ်စဉ်ရာသီအလိုက် သီးထပ်စိုက်ပျိုးလျက်ရှိကြောင်း သီးနှံဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)