Main menu

ဗီယက်နမ် ပရိဘောဂကုန်ပစ္စည်းများအား UK ကုန်စည်ပြပွဲတွင်မိတ်ဆက်

Powered by Drupal

    ဗီယက်နမ်စီးပွားရေးလုပ်ငန်း ၁၅ ခုမှ ပရိဘောဂထုတ်ကုန်များအား UK ၏ ဘာမင်ဂမ်မြို့ တွင် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Source Garden Fair တွင် မိတ်ဆက်ပြသခဲ့သည်ဟု သိရပါသည်။ ယခုအကြိမ်သည် UK ၏ အကြီးမားဆုံး ဥယျာဉ်နှင့် အပြင်ပန်းအလှဆင်ပရိဘောဂကုန်စည်ပြပွဲတွင် ဗီယက်နမ်၏ ပထမဆုံးပါဝင်ဆင်နွှဲမှုဖြစ်ပြီး လက်ကား‌ရောင်းချသူများ၊ လက်လီရောင်းချသူများနှင့် သုံးစွဲသူများ၏ စိတ်ဝင်စားမှုရရှိခဲ့ကြောင်း သိရပါသည်။  ပွဲတော်တွင် ဥယျာဉ်အလှဆင်ပရိဘောဂ၊ လက်မှုပညာထုတ်ကုန်များနှင့် အလှဆင်နည်းပညာများကို ပြသသည့် ကုမ္ပဏီပေါင်း ၇၀၀ မှ ၈၀၀ ကြား ပါဝင်ပြသခဲ့ပြီး UK နှင့်ဥရောပမှ ဝယ်ယူသူ ၇၀၀၀ ခန့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ အပြင်ပန်းအလှဆင်သစ်ပရိဘောဂ များနှင့် လက်မှုပစ္စည်းများ ခင်းကျင်းပြသသည့် ဗီယက်နမ်၏ပြခန်းသည် နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်ရှိသည့် ပစ္စည်းအရင်းအမြစ်များနှင့် ပြုလုပ်ထားကြောင်း သိရပါသည်။ ဗီယက်နမ် ကုမ္ပဏီများ ပါဝင်ဆင်နွှဲမှုကို UK နိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးရုံးနှင့် ဗီယက်နမ်သစ် ထုတ်ကုန်များကို Online Platforms မှတစ်ဆင့် ချိတ်ဆက်ဝယ်ယူလျက်ရှိသည့် UK ကုမ္ပဏီ K & P Global Ltd က ပံ့ပိုးပေးခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ကုန်သွယ်‌ရေးရုံး၏ အတွင်းရေးမှူး (၁)ဖြစ်သူ Hoang Le Hang က ပွဲ၏ပထမနေ့တွင် ဗီယက်နမ်ထုတ်ကုန်များကို သိသာသည့် စိတ်ဝင်စားမှုများရှိခဲ့ကြောင်းနှင့် ယခုပွဲတော်သည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ၏ အမှတ် တံဆိပ်ပိုမိုအားကောင်းစေရန်၊ UK နှင့်ဥရောပရှိ အဓိကလက်လီရောင်းချသူများနှင့် ချိတ်ဆက်ရန် အတွက် အကောင်းမွန်ဆုံးစင်္ကြန်တစ်ခုအဖြစ် ပံ့ပိုးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ Source Garden ၏ ပွဲတော်ညွှန်ကြားရေးမှူး Suzanne Ellingham က  UK ဈေးကွက်တွင် ဗီယက်နမ်၏ ပါဝင်မှုကို ပိုမိုတိုးမြှင့်ရန်တိုက်တွန်းခဲ့ပြီး ဗီယက်နမ်သည် UK သို့ အရည်အသွေးမြင့်မားသော အတွင်းနှင့်အပြင်ပန်းအလှဆင်ပရိဘောဂများအား အဓိကပံ့ပိုးပေးရန် အလားအလာရှိသူဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ K & P Global Ltd ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမန်နေဂျာ Raymond Tenent က Brexit သည် ဗီယက်နမ်ထုတ်ကုန်များအတွက် အလားအလာရှိသော အခွင့်အလမ်းကို ဖန်တီးပေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် UK သည် ဥရောပပြင်ပမှတင်သွင်းရန် ရှာဖွေနေသောကြောင့်ဖြစ်ကြောင်းနှင့် ဗီယက်နမ်ကုန်ထုတ်လုပ်သူများသည်လည်း အခြား အာရှမှပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန် ဈေးကွက်ဦးတည်ရာကို ဂရု တစိုက်လေ့လာသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်သည် တရုတ်၊ အီတလီ၊ ပိုလန်နှင့် ဂျာမနီတို့နောက်တွင် UK ၏ (၅) နိုင်ငံမြောက်အကြီးမားဆုံးသစ်ပရိဘောဂ တင်သွင်းသူဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ(၇)လတွင် ဗီယက်နမ်သစ်ထုတ်ကုန်များ UK သို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂၄.၈ သန်းရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလ ထက် ၁၇.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)