ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဒေသအစားအစာများကို မျိုးစုံပြုလုပ်ရောင်းချလျက်ရှိသည့်အနက် နတ်တလင်းထမင်းသုပ်သည် ထင်ရှားသည့်အစားအစာ တစ်မျိုးဖြစ်ပါသည်။ ထမင်းသုပ်ပြုလုပ်ရန်အတွက် ဆန်ကိုချက်ထားရန်လိုအပ်ပါသည်။ ထို့နောက် တို့ဟူးပြုလုပ်ရန်အတွက် ပဲမှုန့်စိမ်း၊ နနွင်းမှုန့်၊ ဆား၊ အရသာမှုန့်၊ ရေတို့ကို အချိုးကျရောစပ်၍ မီးဖြင့်ကြိုပေးရပါသည်။ ထမင်းသုပ်ပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများမှာ ထမင်း၊ လှီးပြီးသားတို့ဟူး၊ ကြက်သွန်ဖြူဆီချက်၊ ချက်ထားသောငံပြာရည်၊ မန်ကျည်းမှည့်အချဉ်ရည်၊ ပြုတ်ထားသောခေါက်ဆွဲ၊ ပြုတ်ထားသောဆန်ကြာဇံ၊ ပါးပါးလှီးထားသောကြက်သွန်နီ၊ နံနံပင်၊ ပါးပါးလှီးထားသောဂေါ်ဖီထုပ်၊ ပဲမှုန့်ကျက်၊ မုန့်ကြွပ်၊ ငရုတ်သီးမှုန့်လှော်၊ အရသာမှုန့်တို့ပါဝင်ပါသည်။ ထမင်းသုပ်ကို ကြက်သွန်ဖြူ၊ ပဲတီချဉ်၊ သရက်ချဉ်တို့နှင့်တွဲဖက်၍ စားသုံးကြသကဲ့သို့ အမဲကြော်၊ ကြက်ဥကြော်တို့ဖြင့်လည်း တွဲဖက်စားသုံးနိုင်ပါသည်။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယအပတ်တွင် နတ်တလင်းထမင်းသုပ်တစ်ပွဲလျှင် (၂၅၀၀-၃၀၀၀) ကျပ်ဖြင့် ရန်ကုန်-ပြည် မီးရထားပေါ်တွင် ရောင်းချကြသကဲ့သို့ မီးရထားဘူတာရုံအနီး၊ ကားဂိတ်၊ ဈေး၊ မြို့တွင်း ရန်ကုန်-ပြည် ကားလမ်းဘေးရှိဆိုင်များတွင်လည်းရရှိနိုင်ပြီး ဒေသခံများသာမက ခရီးသွားပြည်သူများလည်း နတ်တလင်းမြို့သို့ရောက်ပါက နတ်တလင်းထမင်းသုပ်ကို ကြိုက်နှစ်သက်စွာဝယ်ယူစားသုံးကြကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)