Main menu

စားသုံးဆီများ တင်သွင်းမှုအပေါ် အခွန်နှုန်းထားများ အိန္ဒိယအစိုးရ တိုးမြှင့်

Powered by Drupal

     အိန္ဒိယနိုင်ငံတွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူများအား အထောက်အပံ့ ပြုသည့် လုပ်ဆောင်မှုအဖြစ် စားအုန်းဆီနှင့် အခြားသောစားသုံးဆီများ တင်သွင်းမှုအပေါ် စည်း ကြပ်သည့် အခွန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ ၂၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၁၃ ရက်နေ့၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

     စားအုန်းဆီကြမ်း၊ ပဲပုပ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့ တင်သွင်းမှုအပေါ် စည်းကြပ်သော အခြေခံအကောက်ခွန်နှုန်းထားများကို သုညရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ အဆိုပါ ဆီအမျိုးအစားများ၏ ပြုပြင်သန့်စင်ပြီးဆီချောများ တင်သွင်းမှုအပေါ် အခြေခံအကောက်ခွန်နှုန်း များကို ၁၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၃၂ ဒသမ ၅ ရာခိုင်နှုန်းသို့လည်းကောင်း အိန္ဒိယအစိုးရက တိုးမြှင့် ခဲ့ခြင်းဖြစ်သည်။

     အိန္ဒိယနိုင်ငံ၏ အခွန်စည်းကြပ်မှုစနစ်အရ စားသုံးဆီများ တင်သွင်းခြင်းအတွက် အခြေခံ အကောက်ခွန်နှုန်းထားအပြင် လယ်ယာစိုက်ပျိုးရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန်နှင့် လူမှုဖူလုံရေး အပိုထပ်ဆောင်းကြေးတို့ကိုလည်း ကောက်ခံလျက်ရှိရာ စားသုံးဆီကြမ်းများ တင်သွင်းမှုအပေါ် စုစုပေါင်းအခွန်အခသည် ၅ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ ၂၇ ဒသမ ၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ပြုပြင်သန့်စင်ပြီး စားသုံးဆီချောများ တင်သွင်းမှုအပေါ် စုစု ပေါင်းအခွန်အခသည် ၁၃ ဒသမ ၇၅ ရာခိုင်နှုန်းရှိရာမှ ၃၅ ဒသမ ၇၅ ရာခိုင်နှုန်းသို့ လည်းကောင်း မြင့်တက်လာမည်ဖြစ်သည်။

    ဆီထွက်သီးနှံစိုက်ပျိုးသော ဒေသခံတောင်သူလယ်သမားများအတွက် ဝင်ငွေတိုးတက်စေမည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် စားသုံးဆီများတင်သွင်းမှုအပေါ် အခွန်နှုန်းထား တိုးမြှင့်ပေးရန် အိန္ဒိယကုန်သည်များ အသင်းအဖွဲ့တစ်ခုက ကြိုးပမ်းခဲ့သည်။ မဟာရတ္ထရ၊ ကာနာတကာနှင့် မဒ္ဒရာပရာဒေ့ရှ် တို့ကဲ့သို့သော ပဲပုပ်စိုက်ပျိုးသည့် ပြည်နယ်များတွင် တောင်သူများအနေဖြင့် ဖိအားများနှင့် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် အစောပိုင်းကာလ၌ ဗဟိုအစိုးရသည် ပဲပုပ်စေ့ အခြေခံ ရည်ညွှန်းဈေးနှုန်း ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်)လျှင် ရူပီးငွေ ၄၈၉၂ နှုန်းဖြင့် ဝယ်ယူရေးလုပ်ဆောင်ရန် အတည်ပြုခဲ့သည်။ အစီရင်ခံတင်ပြချက်များအရ ဩဂုတ်လတွင် ပဲပုပ်စေ့ လက်ကားဈေးနှုန်းများမှာ ရူပီးငွေ ၃၂၀၀ မှ ၃၇၀၀ အတွင်းသို့ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

      ကမ္ဘာ့စားသုံးဆီသုံးစွဲမှု ဒုတိယအများဆုံးနှင့် ထိပ်တန်းတင်သွင်းသူဖြစ်သော အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်၏ ၄၀ မှ ၄၅ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းခြင်းနှင့်အတူ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် (ဧပြီ-မတ်)အတွင်း စားသုံးဆီတန်ချိန်ပေါင်း ၁၆ ဒသမ ၅ သန်းကို တင်သွင်းခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အိန္ဒိယ၏ စားသုံးဆီသုံးစွဲမှုမှာ တန်ချိန် ၂၇ ဒသမ ၂ သန်းခန့်ရှိပြီး ၎င်းပမာဏအနက် စားအုန်းဆီသည် ၃၆ ရာခိုင်နှုန်းပါဝင်ခဲ့သည်။

    အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် မလေးရှားနိုင်ငံထံမှ ၎င်း၏စားအုန်းဆီတင်ပို့မှု စုစု ပေါင်းပမာဏ၌ ၁၈ ရာခိုင်နှုန်းရှိသော စားအုန်းဆီတန်ချိန် ၂ ဒသမ ၈၃ သန်းကို ဝယ်ယူတင်သွင်းခဲ့သည်။ အိန္ဒိယသို့ စားအုန်းဆီပေးသွင်းသော အခြားနိုင်ငံများမှာ အင်ဒိုနီးရှားနှင့် ထိုင်းတို့ဖြစ်ပြီး ပဲပုပ်ဆီနှင့် နေကြာဆီများကိုမူ အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့ထံမှ တင်သွင်း လျက်ရှိသည်။  

      စားအုန်းဆီလုပ်ငန်းနယ်ပယ်မှ အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် ယခုနှစ် ဩဂုတ်လအတွင်း စားအုန်းဆီကြမ်း ၃၀၅၁၂၂ တန်နှင့် အရောင်ချွတ် အနံ့သတ် ပြုပြင်သန့်စင်ပြီးသော စားအုန်းဆီချော ၁၄၈၀၀ တန်တို့ကို မလေးရှားနိုင်ငံထံမှ ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ အိန္ဒိယ၏ ဩဂုတ်လ စားသုံးဆီတင်သွင်းမှု တန်ချိန်ပေါင်း ၁ ဒသမ ၅၃ သန်းတွင် စားအုန်းဆီသည် ၅၂ ရာခိုင် နှုန်း ပါဝင်ခဲ့ကြောင်း မလေးရှား The Edge သတင်းဌာနက ဖော်ပြထားသည်။

Source: The Edge Malaysia, 14 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)