စားသုံးသူများနှင့် စားသောက်ကုန်ထုတ်လုပ်သူများသို့ သက်သာမှုရစေမည့် တိုးတက်မှု တစ်ရပ်အဖြစ် ပဲပုပ်ဆီဈေးနှုန်းများသည် လအလိုက် ဆက်လက်ကျဆင်းဖွယ်ရှိသည်ဟု ကျွမ်းကျင် သူများက ခန့်မှန်းလျက်ရှိကြောင်း ChemAnalyst သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါသည်။
အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ အမျိုးသားစိုက်ပျိုးရေးစာရင်းအင်း ဝန်ဆောင်မှုဌာန (National Agricultural Statistics Service ̶ NASS) မှ နောက်ဆုံးထုတ်ပြန် ခဲ့သော အစီရင်ခံစာ၌ ပဲပုပ်ဆီ အလျှံအပယ်ဖြစ်ပေါ်နိုင်မှုနှင့် ဈေးကွက်မျက်နှာသာပေးမှု အခြေ အနေများကို ဖော်ပြခဲ့အပြီးတွင် ယခုကဲ့သို့ ခန့်မှန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
၂၀၂၄-၂၅ ဈေးကွက်တင်ရောင်းဝယ်ရေးနှစ်အတွက် ပထမအကြိမ် သီးနှံအထွက် ပမာဏ စစ်တမ်းကောက်ယူမှုကို အခြေပြုလျက် NASS က ခန့်မှန်းထားရာတွင် အမေရိကန်နိုင်ငံ၏ ပဲပုပ် စိုက်ပျိုးထုတ်လုပ်မှုမှာ သိသာစွာတိုးတက်လာခဲ့ကြောင်း၊ သီးနှံရိတ်သိမ်းနိုင်မည့် စိုက်ပျိုးဧရိယာ အား ဧကပေါင်း ၈၆ ဒသမ ၃ သန်းသို့ တိုးမြှင့်မှုနှင့်အတူ ပဲပုပ်စေ့အထွက်နှုန်းသည်လည်း ယခင်လ ခန့်မှန်းချက်ထက် ၁ ဒသမ ၂ ဘူရှယ် ပိုမိုပြီး တစ်ဧကလျှင် ၅၃ ဒသမ ၂ ဘူရှယ်နှုန်း ထွက်ရှိလျက် စုစုပေါင်း ပဲပုပ်စေ့ထုတ်လုပ်မှု ဘူရှယ်ပေါင်း ၄ ဒသမ ၆ ဘီလီယံ (တန်ချိန် ၁၂၅ ဒသမ ၁၉၃၆ သန်း) ခန့် ထွက်ရှိနိုင်ကြောင်း၊ သို့ဖြစ်ရာ ယခင်အကြိမ်ခန့်မှန်းထားသည်ထက် ပဲပုပ်စေ့ ဘူရှယ် ၁၅၄ သန်းခန့် ပိုမိုလာကြောင်း ဖော်ပြထားသည်။
ဈေးကွက်လေ့လာဆန်းစစ်သူများစွာက ပဲပုပ်ဆီဈေးနှုန်းများ အကျဘက်သို့ ဦးတည်နေမှု သည် လပေါင်းများစွာတိုင် ဖြစ်ပေါ်နေနိုင်သည်ဟု ပြောဆိုလျက်ရှိကြသည်။ ကြိတ်ခွဲထုတ်လုပ်မှု စရိတ်စကနှုန်းထားများ တည်ငြိမ်နေမှုနှင့်အတူ ရောင်းလိုအားအပိုင်း၌ မြင့်တက်လာမှုက ဈေးနှုန်း များ ကျဆင်းစေရန် အထောက်အကူပြုလျက်ရှိသည်။ ထို့အပြင် ပထဝီနိုင်ငံရေး အနှောင့်အယှက် များ သို့မဟုတ် မမျှော်မှန်းနိုင်သော ရာသီဥတုဖြစ်စဉ်များ မရှိသဖြင့် ရှေ့လာမည့် လများတွင် ပဲပုပ် ဆီဈေးနှုန်းများသည် တဖြည်းဖြည်းချင်း ကျဆင်းလာမည်ဟု ခန့်မှန်းရသည်။
ကမ္ဘာ့ဆီထွက်သီးနှံ ဈေးကွက်အခြေအနေကလည်း ယခုကဲ့သို့ အရောင်းအဝယ်အေးမည့် အလားအလာကို အထောက်အပံ့ပြုလျက်ရှိသည်။ ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်၌ ကမ္ဘာ့ဆီထွက် သီးနှံ ထုတ်လုပ်မှုမှာ တန်ချိန် ၆၉၀ ဒသမ ၅ သန်းခန့်ရှိနိုင်သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားရာ ယခင်လခန့်မှန်းချက်ထက် တန်ချိန် ၄ ဒသမ ၅ သန်း ပိုမိုလာခြင်းဖြစ်သည်။ နေကြာစေ့နှင့် ဝါစေ့ ကဲ့သို့ အခြားသော ဆီထွက်သီးနှံများ အထွက်လျော့ကျမှုရှိသော်လည်း ပဲပုပ်စေ့နှင့် ဆီမုန်ညင်းစေ့ တို့ ထုတ်လုပ်မှုမှာ ပိုမိုမြင့်မားလျက်ရှိသဖြင့် ပဲပုပ်ဆီဈေးနှုန်းများကျဆင်းမှုကို တွန်းအားပေးလျက် ရှိသည်။
နေကြာဆီကြိတ်ခွဲထုတ်လုပ်မှု ကျဆင်းခြင်းက ကမ္ဘာ့စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်မှုတွင် တန်ချိန် သုည ဒသမ ၉ သန်းခန့် လျော့ကျစေသော်လည်း ဆီမုန်ညင်းစေ့နှင့် ပဲပုပ်စေ့များ ကြိတ်ခွဲမှု တိုးတက်လာခြင်းက ကျားကန်ပေးလျက်ရှိကြောင်း၊ အသားတင်ရလဒ်အားဖြင့် ပဲပုပ်ဆီအပါအဝင် ကမ္ဘာ့ဆီထွက်သီးနှံ လက်ကျန်ပမာဏသည် မြင့်တက်လာခဲ့ပြီး လက်ရှိကာလတွင် တန်ချိန်ပေါင်း ၁၅၀ ဒသမ ၆ သန်းအထိ ရောက်ရှိလာသည်ဟု ခန့်မှန်းရကြောင်း၊ ပဲပုပ်စေ့နှင့် ဆီမုန်ညင်းစေ့များ တင်ပို့မှု တိုးတက်လာခြင်းနှင့်အတူ ကမ္ဘာ့ဆီထွက်သီးနှံ တင်ပို့မှုသည် ၂၀၂၄-၂၅ ခုနှစ်တွင် တန်ချိန် ၂၀၇ ဒသမ ၆ သန်းအထိ ရောက်ရှိနိုင်ကြောင်း၊ ကမ္ဘာတစ်ဝန်း ရောင်းလိုအားပိုလျှံမြင့်မားမှုက ပဲပုပ်ဆီ အပါအဝင် စားသုံးဆီဈေးနှုန်းများကျဆင်းရန် ဖိအားပေးလျက်ရှိကြောင်း ChemAnalyst က ဖော်ပြထားသည်။
သို့ရာတွင် စားသုံးဆီဈေးကွက် လေ့လာစောင့်ကြည့်သူများက လက်လီဈေးနှုန်းများအပေါ် အပြည့်အဝ သက်ရောက်မှုဖြစ်ပေါ်လာမည့် အခြေအနေမှာ အချိန်အတန်အသင့် ကြာမြင့်မှုရှိမည် ဟု သတိပေးပြောကြားထားသည်။ လယ်ယာထွက်ကုန်ဈေးကွက် အထူးပြုလေ့လာဆန်းစစ်သူ စီးပွားရေးပညာရှင် John Smith က ၎င်းတို့အနေဖြင့် လက်ကားဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာမည်ဟု ရှုမြင်လျက်ရှိသော်လည်း အဆိုပါပြောင်းလဲမှုများမှ စားသုံးသူများက ပေးချေရ သည့် ဈေးနှုန်းများအပေါ် အပြည့်အဝ ထင်ဟပ်မှုရှိရန်မှာ ရံဖန်ရံခါ၌ လပေါင်းများစွာ ကြာမြင့်လေ့ ရှိကြောင်း၊ လက်ရှိ အရောင်းစာချုပ်များချုပ်ဆိုမှု၊ ကုန်လက်ကျန် သိုလှောင်ထားရှိမှု အခြေအနေ နှင့် အခြားသွင်းအားစုကုန်ကျစရိတ်များ ကဲ့သို့သော အချက်များသည် ထိုသို့ဈေးနှုန်းများ လျော့ကျ ခြင်းကို နောက်ဆုံးစားသုံးသူအဆင့်ထိ ရောက်ရှိစေရာ၌ သက်ရောက်မှုအတိုင်းအတာနှင့် မြန်ဆန် မှုတို့ကို အဆုံးအဖြတ်ပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။
ယခုကဲ့သို့ ရောင်းလိုအားအသစ်များနှင့် ဈေးနှုန်းပတ်ဝန်းကျင်တို့ကို ဈေးကွက်က ချိန်ညှိ ပေးလျက်ရှိရာ ပဲပုပ်ဆီ တန်ဖိုးကွင်းဆက်တစ်လျှောက် ပါဝင်လုပ်ကိုင်နေကြသူများသည် ၎င်းဖြစ် ပေါ်တိုးတက်မှု အခြေအနေများကို စောင့်ကြည့်ကြပ်မတ်မှုများ လုပ်ဆောင်ကြလိမ့်မည်ဖြစ်သည်။ လက်ရှိကာလ၌ ပဲပုပ်ဆီဈေးနှုန်းများသည် အချိန်ကာလတစ်ရပ်အထိ လျော့နည်းသက်သာမှုရှိနေ မည်ဟု ဈေးကွက်အလားအလာခန့်မှန်းချက်က ဖော်ပြလျက်ရှိပြီး လယ်ယာထွက်ကုန်ဈေးကွက်အတွင်း အရေးပါသည့် ပဲပုပ်ဆီဈေးကွက် တည်ငြိမ်မှုရှိလာမည့် အလားအလာကို ဆောင်ကြဉ်းပေး လျက်ရှိကြောင်း သိရှိရသည်။
Source: ChemAnalyst.com, 13 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)