Main menu

ကြက်သွန်နီ ပို့ကုန်အပေါ် ကောက်ခံသည့်အခွန်နှုန်းထား အိန္ဒိယအစိုးရ လျှော့ချ

Powered by Drupal

     အိန္ဒိယနိုင်ငံတွင် တောင်သူလယ်သမားများ၏ ထုတ်ကုန်များ ဈေးကောင်းရရှိစေရေးကို အထောက်အပံ့ပြုရန်အတွက် ဗဟိုအစိုးရသည် ပြည်ပသို့ ကြက်သွန်နီတင်ပို့မှုအပေါ် စည်းကြပ် လျက်ရှိသော အခွန်နှုန်းထားအား ၄၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့ ပြောင်းလဲကောက်ခံမည်ဖြစ်ပြီး လက်ငင်းအကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြက်သွန်နီအတွက် အနိမ့်ဆုံးရရှိရမည့် ပို့ကုန်ဈေးနှုန်း သတ်မှတ်ထားခြင်းကိုလည်း သီးခြားအမိန့်ကြော်ငြာစာထုတ်ပြန်လျက် ပယ်ဖျက်ပေးခဲ့သည်။

    အစိုးရ၏ စာရင်းအချက်အလက်များအရ အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီတင်ပို့မှုမှာ တန်ဖိုး အားဖြင့် ၂၀၂၂-၂၃ ခုနှစ်၌ ဒေါ်လာ ၅၆၁ ဒသမ ၃၈ သန်းရှိရာမှ ၂၀၂၃-၂၄ ခုနှစ်တွင် ဒေါ်လာ ၄၇၃ ဒသမ ၇၂ သန်းသို့ ကျဆင်းခဲ့ကြောင်း၊ ကုန်ချိန်ပမာဏအားဖြင့်မူ ၂၀၂၂-၂၃ ခုနှစ်၌ တန်ချိန် ၂၅ ဒသမ ၂၅ သိန်းရှိရာမှ ၃၂ ရာခိုင်နှုန်းလျော့နည်းလျက် ၂၀၂၃-၂၄ ခုနှစ်တွင် တန်ချိန် ၁၇ ဒသမ ၁၇ သိန်းသို့ တင်ပို့မှုကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    လက်ရှိဘဏ္ဍာနှစ်တွင် ဧပြီလမှ ဇွန်လအထိ ပထမ ၃ လအတွင်း တန်ဖိုးအားဖြင့် ဒေါ်လာ ၈၉ ဒသမ ၂၁ သန်းရှိသော ကြက်သွန်နီ တန်ချိန် ၁၆၃၀၀၀ ခန့်ကို တင်ပို့ထားပြီးဖြစ်သည်။

    အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က အစိုးရအနေဖြင့် လယ်သမားများ၏ အခြေအနေတိုးတက်‌ရေး လုပ်ဆောင်မည်ဖြစ်သည်ဟု လူမှုကွန်ယက်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။ ပို့ကုန်အခွန်လျှော့ချမှုသည် ကြက်သွန်နီစိုက်ပျိုးသော တောင်သူများကို ဈေးကောင်း ရရှိစေခြင်းဖြင့် အထောက်အပံ့ပြုမည်ဖြစ်ကြောင်း၊ ပြည်ပသို့ ကြက်သွန်နီတင်ပို့မှုမှာလည်း မြင့် တက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ လယ်သမားများအပြင် ကြက်သွန်နီ ထုတ်လုပ်ရောင်းဝယ်မှု ကဏ္ဍ၌ ပါဝင်နေကြသူများကိုလည်း အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

လယ်ယာထွက်ကုန်တင်ပို့သူများ အသင်း၏ ဥက္ကဋ္ဌ M Madan Prakash ကလည်း ပို့ကုန် အခွန်လျှော့ချခြင်းသည် ကမ္ဘာ့ဈေးကွက်၌ အိန္ဒိယကြက်သွန်နီများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အတိုင်း အတာတစ်ခုအထိ ကူညီမှုပြုကြောင်း၊ တူရကီ၊ အီဂျစ်နှင့် ပါကစ္စတန်တို့သည် ၁ တန်လျှင် သင်္ဘော တင်စရိတ်နှင့် သယ်ယူပို့ဆောင်ခတို့ ပါဝင်သော (C&F) ဈေးနှုန်း ဒေါ်လာ ၆၀၀ ခန့်ဖြင့်     မလေးရှား ဈေးကွက်သို့ ကြက်သွန်နီတင်ပို့ရန် ကမ်းလှမ်းနေချိန်တွင် အိန္ဒိယအနေဖြင့် ဒေါ်လာ ၇၀၀ နှုန်းခန့် ဖြင့် ကမ်းလှမ်းမှုပြုနိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် မိုးကြက်သွန်နီများ ဈေးကွက်ဝင်ရောက်မှု အမြင့်ဆုံးအချိန်ဖြစ်သော အောက်တိုဘာလကုန်ပိုင်းခန့်တွင် အိန္ဒိယပို့ကုန် လုပ်ငန်းရှင်များသည် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

     အိန္ဒိယနိုင်ငံအတွင်း အန္တရာပရာဒေ့ရှ်ပြည်နယ် Kurnool ဒေသနှင့် ကာနာတကာပြည်နယ် မြောက်ပိုင်းဒေသများတွင် မိုးကြက်သွန်နီများ စတင်ဝင်ရောက်နေပြီဖြစ်ပြီး မဟာရဋ္ဌပြည်နယ်၌မူ အောက်တိုဘာလကုန်ပိုင်းမှသာ ဈေးကွက်ဝင်ရောက်ဖွယ်ရှိသည်။

      အစိုးရ၏ သီးနှံရာသီဥတုစောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်သော အချက်အလက်များအရ ဩဂုတ် ၂၉ ရက်နေ့အထိ မိုးကြက်သွန်နီစိုက်ပျိုး ပြီးစီးမှုမှာ ဧရိယာဟက်တာပေါင်း ၂ ဒသမ ၉ သိန်း ရှိကြောင်း၊ ယခင်နှစ် အလားတူကာလ၌ စိုက်ပျိုးနိုင်မှုမှာ ဟက်တာ ၁ ဒသမ ၉၄ သိန်းသာရှိခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးပြီးစီးမှု ဧရိယာသည် ယခင်နှစ် မိုးသီးနှံကြက်သွန်နီစိုက်ပျိုးခဲ့မှု ဟက်တာ ၂ ဒသမ ၈၅ သိန်းထက်ကို ကျော်လွန်နေပြီဖြစ်ကြောင်း သိရှိရသည်။

   ယခင်နှစ်တွင် ရာသီဥတုခြောက်သွေ့မှုနှင့် အထူးသဖြင့် မဟာရဋ္ဌပြည်နယ်၌ ခြောက်သွေ့သည့်ကာလ ကြာမြင့်မှုတို့ကြောင့် မိုးကြက်သွန်နီထွက်ရှိမှုကျဆင်းခဲ့ရာ အိန္ဒိယအစိုးရသည် ကနဦး အစောပိုင်းတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ပြည်ပသို့ ကြက်သွန်နီတင်ပို့ခြင်းကို တားမြစ်ခဲ့သည်။ ထို့နောက် ယခုနှစ် မတ်လ ၅ ရက်နေ့၌ ၎င်းပိတ်ပင်ထားရှိမှုကို ဖယ်ရှားခဲ့ပြီး ကြက်သွန်နီ တင်ပို့မှုအပေါ် အခွန် ၄၀ ရာခိုင်နှုန်းနှင့် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း သတ်မှတ်ချက် တစ်တန်လျှင် ဒေါ်လာ ၅၅၀ ဈေးနှုန်းကို ချမှတ်ကျင့်သုံးခဲ့သည်။ စက်တင်ဘာ ၁၁ ရက်နေ့၌ ပြည်ထဲရေးနှင့် သမဝါယဝန်ကြီးဖြစ်သူ Amit Shah ဦးဆောင်၍ ကျင်းပခဲ့သော အစိုးရအဖွဲ့၏ ဈေးနှုန်းများဆိုင်ရာ ကော်မတီအစည်းအဝေးမှ ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ ကြက်သွန်နီတင်ပို့မှုအပေါ် ဖြေလျော့မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    လက်ရှိကာလတွင် မဟာရဋ္ဌပြည်နယ်၊ နာရှစ်ခရိုင်ရှိ လာဆယ်ဂွန်ဈေးကွက်၌ စံပြုဈေးနှုန်း အဖြစ် ကြက်သွန်နီ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်)လျှင် ရူပီးငွေ ၄၁၀၀ နှုန်းဖြင့် ရောင်းဝယ်လျက် ရှိပြီး ၂၀၁၅ ခုနှစ် အလားတူကာလ၌ စံပြုဈေးနှုန်း ၁ ကွင်တယ်လျှင် ၄၇၅၀ ရူပီးနှုန်း ဖြစ်ပေါ်ခဲ့မှု နောက်ပိုင်းတွင် ၉ နှစ်တာ ကာလအတွင်း အမြင့်ဆုံးနှုန်းထားဖြစ်ကြောင်း၊ လက်လီဈေးနှုန်းများ သည်လည်း မြင့်တက်လျက်ရှိပြီး အစိုးရသည် NAFED, NCCF နှင့် Kendriya Bhandar စသည့် သမဝါယအသင်းများမှတစ်ဆင့် စားသုံးသူများထံသို့ ကြက်သွန်နီ ၁ ကီလိုဂရမ်လျှင် ၃၅ ရူပီးနှုန်း ဖြင့် ရောင်းချပေးခြင်းကို မကြာမီက စတင်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Source: The Hindu Business Line, 14 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)