Main menu

အင်ဒိုနီးရှား အစိုးရဝယ်ယူရေးအေဂျင်စီက အဋ္ဌမအကြိမ် ဆန်အဝယ်တင်ဒါခေါ်ယူ

Powered by Drupal

      အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီဖြစ်သော Bulog ကုမ္ပဏီသည် ဆန်ကွဲ ၅ ရာခိုင် နှုန်းပါဝင်သော ဆန်ဖြူမက်ထရစ်တန် ၄၅၀၀၀၀ ဝယ်ယူရန်အတွက် ယခုနှစ်အတွင်း အဋ္ဌမအကြိမ် မြောက် ဆန်အဝယ်တင်ဒါခေါ်ယူမှုကို စက်တင်ဘာ ၁၂ ရက်နေ့တွင် ကြေညာခဲ့ကြောင်း S&P Global သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါသည်။

     အဆိုပါကြေညာချက်၌ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားဆိပ်ကမ်းသို့ အရောက် ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန်တို့မှ ဆန်များကို ဝယ်ယူတင် သွင်းရန် လျာထားကြောင်း၊  ၂၀၂၄ ခုနှစ် သီးနှံရာသီ (အောက်တိုဘာမှ စက်တင်ဘာလ) ကာလ၌ ထွက်ရှိသော စပါးများအား လွန်ခဲ့သောခြောက်လအတွင်း ကြိတ်ခွဲရရှိထားသည့် ဆန်များကိုသာ တင်သွင်းရမည်ဖြစ်ကြောင်း၊ တင်ဒါတွင် ဆန်တန်ချိန် ၃၀၀၀၀ လျှင် လေလံတစ်စောင်အဖြစ် အစု များခွဲခြားလျက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်မှုရလဒ်များကို စက်တင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

     ဗီယက်နမ်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်း ယာဂီတိုက်ခတ်ခံရမှုကြောင့် နိုင်ငံမြောက်ပိုင်းရှိ ရိတ်သိမ်းရန် အသင့်ရှိနေခဲ့သော စပါးခင်းများ ထိခိုက်ပျက်စီးခဲ့ခြင်း၊ မုန်တိုင်းဒဏ်ခံရသည့် ဒေသများ သို့ ရိက္ခာများ ထောက်ပံ့ပေးလှူရန်ရှိခြင်း၊ Bulog ၏ ယခင်အကြိမ်တင်ဒါများ၌ လေလံအောင်မြင် ထားရှိမှုအပေါ် ဆန်များပေးသွင်းရန် ကျန်ရှိနေခြင်းတို့ကြောင့် ဆန်လက်ကျန်ပမာဏ နည်းပါး လျက်ရှိကြောင်း ဗီယက်နမ်ဆန်ကုန်သည် သတင်းအရင်းအမြစ်များက ပြောဆိုခဲ့ကြသည်။

    ထိုင်းသတင်းအရင်းအမြစ်များက Bulog အနေဖြင့် ၎င်း၏ဆန်လိုအပ်ချက်ကို ထိုင်းနိုင်ငံ ထံမှ ရယူဖြည့်ဆည်းရလိမ့်မည်ဖြစ်ကြောင်း၊ ထိုသို့ဝယ်ယူရန်အတွက် ဘတ်ဂျက်ရန်ပုံငွေ ပမာဏ အမြောက်အမြားကို သုံးစွဲရမည်ဖြစ်ကြောင်း၊ ထိုင်းဘတ်ငွေ၏ တန်ဖိုးခိုင်မာအားကောင်းမှုအရ ထိုင်းဆန်ဈေးကွက်၏ အလားအလာသည် အရောင်းအဝယ်သွက်လက်မည့်အခြေအနေရှိကြောင်း၊ သို့သော် အိန္ဒိယနိုင်ငံ၏ ဆန်ပို့ကုန်မူဝါဒ အပြောင်းအလဲက အနာဂတ်ကာလ ရောင်းဝယ်မှုပုံစံ အပေါ်သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ပြောဆိုလျက်ရှိသည်။

     ပါကစ္စတန်နိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များကမူ ဈေးကွက်သို့ ဆန်ဝင်ရောက်မှုများပြားလျက်ရှိမှုနှင့်အတူ လာမည့် အောက်တိုဘာလ၌ အရည်အသွေးပိုမိုကောင်းမွန်သည့်ဆန်များ ဝင်ရောက်လာရန် ခန့်မှန်းချက်များအရ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ ဆန်ပေးသွင်းသူများအပေါ် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး Bulog ၏ ယခင်အကြိမ်တင်ဒါများထက် ယခုအကြိမ်တွင် အခွင့်အလမ်း ပိုမို ရရှိရန် မျှော်လင့်လျက်ရှိသည်။

     S&P Global Commodity Insights ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Platts အဖွဲ့က အပတ် စဉ် ဈေးနှုန်းများကို နှိုင်းယှဉ်ပါက စက်တင်ဘာ ၁၃ ရက်နေ့၌ ကုန်ဆုံးသော သီတင်းပတ်တွင် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ထိုင်းဆန်ဖြူတစ်တန်လျှင် သင်္ဘောပေါ်အရောက် FOB ဈေးနှုန်း သည် ၇ ဒေါ်လာ လျော့ကျလျက် ၅၆၂ ဒေါ်လာနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါသော ဆန်ဖြူသည်လည်း အဆိုပါကာလတွင် FOB ဈေးနှုန်း တစ်တန်လျှင် ၅ ဒေါ်လာ ကျဆင်းပြီး ၅၄၄ ဒေါ်လာနှုန်းရှိခဲ့ကြောင်း၊ ပါကစ္စတန်၏ အလားတူဆန်ဖြူ FOB ဈေးနှုန်းမှာမူ ပြောင်းလဲမှုမရှိပဲ တစ်တန်လျှင် ဒေါ်လာ ၅၄၀ နှုန်းဖြင့် တည်ငြိမ်နေခဲ့ကြောင်း ဖော်ပြထားသည်။

Source: S&P Global, 13 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)