Main menu

ကမ္ဘောဒီးယား၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး၌ ဩစတေးလျ ကူညီထောက်ပံ့မည်

Powered by Drupal

   ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုကဏ္ဍ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးနှင့် တိုးတက်ရေးကို ပံ့ပိုးပေးမှုနှင့်အတူ ကမ္ဘောဒီးယား ဆန်တင်ပို့သူများ၏ တန်ဖိုးမြင့် လယ်ယာထွက်ကုန်များအတွက် ကမ္ဘာ့ဈေးကွက်များ ရှာဖွေရာတွင် ကူညီပေးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး Derek Yip က ဖနွမ်းပင်မြို့တွင် စက်တင်ဘာ ၁၀ ရက်နေ့၌ ကျင်းပခဲ့ သည့် (၇) ကြိမ်မြောက် ကမ္ဘောဒီးယားဆန်စပါးညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

    ကမ္ဘောဒီးယားဆန်လုပ်ငန်းအတွက် သြစတြေးလျ၏ ပံ့ပိုးကူညီမှုသည် သမိုင်းကြောင်းများရှိကြောင်း၊ သြစတြေးလျသည် ၁၉၆၀ ခုနှစ်များ အစောပိုင်းတွင် စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုအား ပံ့ပိုးပေးရန်အတွက် ကမ္ဘောဒီးယားနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊  ၂၀၂၃ ခုနှစ်တွင် တင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ နီးပါး ရရှိခဲ့သော ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှု ကဏ္ဍတွင် သိသာထင်ရှားသောတိုးတက်မှုကို မြင်တွေ့ရသည့်အတွက် ကျေနပ်အားရကြောင်း၊ သြစတြေးလျအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းနှင့် နိုင်ငံတကာ ပို့ကုန်တိုးတက်မှုအတွက် ဆက်လက်ပံ့ပိုး ကူညီမည်ဖြစ်ကြောင်း Mr. Yip က ပြောကြားခဲ့သည်။

    ကမ္ဘောဒီးယား ဆန်တင်ပို့သူများအား တန်ဖိုးမြင့်ထုတ်ကုန်များအတွက် ကမ္ဘာ့စျေးကွက် ကူညီရှာဖွေပေးရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်ခြင်း တို့ကို မြှင့်တင်ရန်အတွက် ခံနိုင်ရည်ရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘောဒီးယား-သြစတြေးလျ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (CAPRED) မှတစ်ဆင့် ကူညီပံ့ပိုးခြင်း အပါအဝင် ဩစတြေးလျနိုင်ငံအနေဖြင့် ထောက်ပံ့မှုများဆက်လက်ပေးအပ်ရန် စိတ်အားထက်သန် မှုရှိကြောင်း သိရှိရသည်။

     ယခုနှစ် ကျင်းပသော အဆိုပါ ကမ္ဘောဒီးယားဆန်စပါးညီလာခံအတွက် သြစတြေးလျသည် CAPRED အစီအစဉ်မှတစ်ဆင့် အဓိကပံ့ပိုးကူညီသူဖြစ်ပြီး Khmer Enterprise ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘဏ်နှင့် အမေရိကန်ကူညီထောက်ပံ့ရေးအဖွဲ့အစည်းဖြစ်သော USAID ၏ Feed the Future Cambodia Harvest III အစီအစဉ်တို့သည်လည်း ပါဝင်ပံ့ပိုးပေးခဲ့ကြသည်။

    အရည်အသွေးအကောင်းဆုံး ဆန်ထုတ်ကုန်များအတွက် ပို့ကုန်ဈေးကွက် ချဲ့ထွင်ရန် ကူညီ ပံ့ပိုးပေးရာတွင် ကမ္ဘောဒီးယားဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်များအနက် အပါအဝင်အဖြစ် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိထားပြီးဖြစ်ကြောင်း ညီလာခံ၏ အဓိကစီစဉ်သူ ကမ္ဘောဒီးယား ဆန်စပါး အသင်းချုပ်၏ ဥက္ကဋ္ဌ Chan Sokheang က မှတ်ချက်ပြု ပြောဆိုခဲ့သည်။

   ပြည်တွင်းစိုက်ပျိုးရေးအလေ့အကျင့်များ ခေတ်မီစေရန်နှင့် ကမ္ဘောဒီးယားဆန်အတွက် နိုင်ငံတကာဂုဏ်သတင်းကို တိုးမြင့်လာစေရန် ကြိုးပမ်းအားထုတ်မှုများကြောင့် ကမ္ဘောဒီးယား နိုင်ငံသည် လွန်ခဲ့သည့် ၁၄ နှစ်အတွင်း ဆန်တင်ပို့သည့် ဈေးကွက်ရည်မှန်းချက်ကို သိသာစွာဖြင့် ထိထိရောက်ရောက် ချဲ့ထွင်နိုင်ခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်၌ ရည်မှန်းချက် ၃၅ ခုချမှတ်ခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ရည်မှန်းချက် ၁၂၁ ခုအထိ တိုးလာခဲ့ကြောင်း Chan Sokheang က ပြောကြားခဲ့သည်။

 သံအမတ်ကြီး Mr. Yip ပြောကြားခဲ့သော CAPRED ပရိုဂရမ်သည် သြစတြေးလျအစိုးရ၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် Cowater International က အကောင်အထည်ဖော် ဆောင်ရွက်သည့် ၅ နှစ် အစီအစဉ်ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သော CAPRED သည် ကမ္ဘောဒီးယားအစိုးရ၏ ဘက်စုံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးခြင်းနှင့် ကိုဗစ်ကပ် ရောဂါအလွန်ကာလတွင် ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးခြင်းတို့အပေါ် အဓိကအလေးပေးကြောင်း သိရှိ ရသည်။

     ၂၀၂၇ ခုနှစ်အထိ ၎င်း၏ ကြိုးပမ်းအားထုတ်မှုများကို အဓိကထား၍ ကမ္ဘောဒီးယားရှိ CAPRED အစီအစဉ်သည် အဓိကအားဖြင့် ဆက်စပ်လွှမ်းခြုံနေသော စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး ထုတ်ကုန်ဆိုင်ရာ ပြုပြင်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ဟူသော မူဝါဒနယ်ပယ်သုံးခုတွင် ဆောင်ရွက်နေကြောင်း၊ ထို့အပြင် ကျားမတန်းတူရေး၊ မသန်စွမ်းမှုနှင့် လူမှုရေးဆိုင်ရာပါဝင်မှု၊ မူဝါဒရေးရာ ထောက်ပံ့မှု၊ ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိသော ဘဏ္ဍာရေးထောက်ပံ့မှုနှင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိရေး အစီအစဉ်များတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

   CAPRED က လက်ရှိဆောင်ရွက်နေသော လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီရေးစီမံကိန်း (ASMP) သည် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားကို တိုးမြှင့်ရန်နှင့် ကမ္ဘောဒီးယားမှ စိုက်ပျိုးထုတ်လုပ် သူများအတွက် စျေးကွက်ရရှိမှုတိုးတက်စေရန် ရည်ရွယ်ကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးနည်းပညာ သရုပ်ပြဥယျာဉ်များ (ATDPs) တည်ထောင်ခြင်းဖြင့် အသေးစားတောင်သူ လယ်သမားများနှင့် လယ်ယာစီးပွားရေးလုပ်ငန်းများကို တန်ဖိုးထားမှု မြှင့်တင်ပေးရန်ဖြစ်ကြောင်း သိရှိရသည်။

     ASMP စီမံကိန်း၏ မိတ်ဖက်များသည် နိုင်ငံအတွင်း ပရောဂျက်အစမှအဆုံးတိုင် နည်းပညာဆိုင်ရာ အကြံပေးချက်များနှင့် အကောင်အထည်ဖော်မှုများကို ထောက်ပံ့ပေးထားကြောင်း၊ အပူပိုင်းဒေသ သစ်သီးများနှင့် ဟင်းသီးဟင်းရွက် (၄) မျိုး အပါအဝင် သီးနှံအမျိုးအစား (၁၀) မျိုးအား အဓိကစိုက်ပျိုးသည့် နိုင်ငံတစ်ဝန်းရှိ တောင်သူများအား ခေတ်မီစိုက်ပျိုးရေး အလေ့အကျင့်များကို ဖြန့်ဝေခြင်းများ ပါဝင်ကြောင်း၊ ၎င်းစီမံကိန်းသည် ကမ္ဘောဒီးယားနှင့် အခြားသော မိတ်ဖက် အရှေ့ တောင်အာရှနိုင်ငံများတွင် ခေတ်မီဆန်းသစ်သော ရိတ်သိမ်းချိန်လွန်ခြင်းလုပ်ငန်းနှင့် ထုပ်ပိုးရေး စင်တာများ (PHPPCs)ကို တည်ထောင်ရန် စီစဉ်ထားပြီး ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း ဆိုင်ရာ ဝယ်ယူသူများနှင့် ပို့ကုန်စျေးကွက် ချိတ်ဆက်မှု တိုးမြင့်လာစေရန် ကူညီပေးကြောင်း သိရှိ ရသည်။

Source: Khmer Times, 12 September, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

a