Main menu

ဈေးကွက်မျှော်လင့်နေသည့်လျှော်ဖြူ (ခေါ်) ဆေးကုလားမ

Powered by Drupal

      လျှော်ဖြူ (ခေါ်) ဆေးကုလားမသည် ၂၀၁၉ ကိုဗစ် (၁၉) ကပ်ရောဂါမဖြစ်ပွားမီ ကာလအထိ ဈေးကွက်အလွန်ကောင်းမွန်ခဲ့ပြီး ဈေးနှုန်းလည်းကောင်းမွန်ခဲ့ပါသည်။ ကြာဇံမျှင်အရည်အသွေးဆိုလျှင် တစ်ပိဿာ ၁၂ဝဝဝဝိ/- အထိလည်းကောင်း၊ ရေခဲသားဆိုလျှင် ၈၅ဝဝဝိ/- ထိ လည်းကောင်း ပုံမှန်အစများပင် ၆၅ဝဝဝိ/- ကျပ်အထိ ဈေးနှုန်းများ ရောင်းချခဲ့ရပါသည်။ ထိုကဲ့သို့ ဈေးကွက်ကောင်း၊ ဈေးနှုန်းများကောင်းမွန်ခဲ့သည့်အတွက် လျှော်ဖြူစိုက်ပျိုးသူများ အားတက်သရောစိုက်ပျိုးခဲ့ရာ ပြည်ခရိုင်အတွင်း လျှော်ဖြူစိုက်ဧကပေါင်း (၁၅၀၀) ခန့်အထိရှိပြီ ဖြစ်ပါသည်။

          ယခုအခါ ကိုဗစ် (၁၉) ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ယနေ့အထိ ပြည်ပဝယ်လက် လမ်းကြောင်းများမရှိတော့သလောက် နည်းပါးသွား၍ လျှော်ဖြူဈေးကွက်မှာ ပျောက်သလောက် နီးပါးဖြစ်နေပြီး ဈေးနှုန်းအနေဖြင့်လည်း တစ်ပိဿာတွင် (၇ဝဝဝိ/- ၊ ၈ဝဝဝိ/-) ကျပ်ခန့်သာရှိ၍ ဝယ်မည့်သူမရှိဖြစ်နေရပါသည်။ လျှော်ဖြူစိုက်တောင်သူများအနေဖြင့် လွန်ခဲ့သော (၅) နှစ်က စိုက်ပျိုးခဲ့သည့် လျှော်ဖြူပင်များမှာ ယခုအခါ အစေးခံ၍ရပြီဖြစ်သော်လည်း ထုတ်လုပ်မှု၊ အလုပ်သမားခ အပါအဝင် ကုန်ကျစရိတ်မှာ တစ်ပိဿာလျှင် (၉ဝဝဝ/-) ကျပ်ခန့်ရှိသည်ဖြစ်ရာ ထုတ်လုပ်မှုကုန်ကျစရိတ်ပင် မရရှိသည့်ဈေးနှုန်းဖြစ်နေသည့်အတွက် လျှော်ဖြူစေးများ ထုတ်လုပ်နိုင်ခြင်းမရှိကြောင်း သိရှိရပါသည်။

          ဈေးကွက်ကောင်း၍ ဈေးနှုန်းလည်းကောင်းမွန်မည်ဆိုပါက ပြည်ခရိုင်အနေဖြင့် နေ့စဉ်လျှော်ဖြူပိဿာချိန် (၂၀၀၀) ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့်လည်း တစ်ပိဿာလျှင် (၂ဝဝဝဝိ/-) ကျပ်ကျော်ရရှိမှသာ အစေးထုတ်လုပ်နိုင်ကြမည် ဖြစ်ပါသည်။ ပြည်ခရိုင်အတွင်း လျှော်ဖြူကို ရွှေတောင်မြို့နယ်၊ ပြည်မြို့နယ်၊ သဲကုန်းမြို့နယ်များတွင် အများဆုံးစိုက်ပျိုးထားရှိ ပြီး မိုးဦးကျ (၄/၅) လပိုင်းတွင် အပင်ပြင်ဆင်၍ (၆) လပိုင်းမှစ၍ အစေးထုတ်လေ့ရှိပါသည်။ မိုးတွင်းကာလနှင့် ဆောင်းတွင်းကာလများတွင် အဓိကထုတ်လုပ်၍ တစ်နှစ်ပတ်လည် အစေးထုတ်ချိန် (၈) လခန့်ရှိကြောင်း သိရှိရပါသည်။

       သို့ဖြစ်ပါ၍ လျှော်ဖြူစိုက်တောင်သူများအနေဖြင့် လက်ရှိဈေးကွက်ပေါက်ဈေးအရ အစေးထုတ်နိုင်ခြင်းမရှိဘဲ အနည်းဆုံးလျှော်ဖြူတစ်ပိဿာလျှင် (၂ဝဝဝဝိ/-) ကျပ်ကျော်ဝန်းကျင်ခန့်ရရှိမှသာ ထုတ်လုပ်နိုင်မည်ဖြစ်ရာ လျှော်ဖြူဈေးကွက်ကောင်းမွန်လာရေး မျှော်လင့်လျက်ရှိပါကြောင်းနှင့် ဝယ်ယူလိုပါက ပဲခူးတိုင်းဒေသကြီး လျှော်ဖြူအသင်းဥက္ကဌ ရွှေတောင်မြို့ရှိ ဦးမောင်နိုင်၊ ဖုန်းနံပါတ် (၀၉၇၉၉၂၂၂၅၄၃) သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)