ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ ပြည်ပဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော စက်မှုကုန်ကြမ်းသီးနှံ ပီလောပီနံကို ကျုံပျော်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ လေးမျက်နှာ မြို့နယ်များတွင် အများဆုံးစိုက်ပျိုးထုတ်လုပ်၍ တိုင်းအတွင်း ပီလောပီနံစိုက်ဧက (၃၀၀၀၀) ခန့်ရှိပြီး ယခင်နှစ် ကျုံပျော်ခရိုင်တွင် စိုက်ဧက (၂၀၀၁၅) ရှိခဲ့ပြီး ပိဿာချိန် (၁၁၂၉၃၇၅၉၃) ထွက်ရှိခဲ့ကြောင်းသိရသည်။
ကျုံပျော်ခရိုင်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် ပီလောပီနံစိုက်ဧက ၂၀၀၁၅လျာထား၍ ယခုအချိန် ၁၉၆၅၆ဧကစိုက်ပျိုးပြီးစီးကြောင်း ပီလောပီနံကို မေလမှ ဇွန်လအတွင်း စိုက်ပျိုးလျက်ရှိပြီး ဒီဇင်ဘာလမှ မတ်လအတွင်းတူးဖော်၍ ပီလောပီနံအမှုန့်ကြိတ်ခွဲသည့် စက်ရုံများမှ ကုန်ချော (ပီလောပီနံမှုန့်) ပြုလုပ်၍ ပြည်ပနှင့်ပြည်တွင်းဈေးကွက်တွင် ရန်ကုန်၊ မန္တလေး၊ အခြားမြို့များသို့ မုန့်လုပ်ငန်းနှင့် စက်မူဇုန်ုများသို့ ချိတ်ဆက်ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။
ပီလောပီနံအမှုန့်ကို သာကူစေ့ပြုလုပ်ခြင်း၊ မုန့်အမျိုးမျိုးတွင် ထည့်သွင်းအသုံးပြုခြင်းနှင့် အရက်ချက်လုပ်ငန်းများတွင် သုံးစွဲလျက်ရှိပြီး ပီလောပီနံမှ ကလောမှုန့်ပြုလုပ်၍ ကျန်ရှိသည့် ပီလောပီနံစစ်ဖတ်များကို လက်တစ်ဆုပ်စာအလုံးများပြုလုပ်ပြီး အခြောက်လှမ်းကာ တိရစ္ဆာန်အစာအဖြစ် အသုံးပြုလျက်ရှိကြောင်းသိရသည်။
ယခင် ၂၀၂၃ခုနှစ်တွင် ပီလောပီနံမှုန့် (၁) ပိဿာလျှင် (၂၇၀၀/၂၈၀၀) ကျပ်ဈေးမှ ယခု ၂၀၂၄ခုနှစ်တွင် ပီလောပီနံမှုန့် ၁ပိဿာလျှင် (၂၃၅၀/၂၄၀၀) ကျပ်ဖြစ်သွား၍ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ယခင်နှစ် ပီလောပီနံစစ်ဖတ်အလုံး ၁တင်းလျှင် (၃၅၀၀/၃၈၀၀) ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခု၂၀၂၄ခုနှစ်တွင် (၁၇၀၀/၁၈၀၀) ကျပ်ဈေးနှုန်းဖြစ်သွားသည့်အတွက် ယခင်နှစ်ထက် ဈေးနှုန်းလျော့နည်းသော်လည်း ပီလောပီနံကြိတ်ခွဲသည့်စက်များနှင့် ကုန်သည်များမှာ ထိုက်သင့်သလောက် အကျိုးအမြတ်ရရှိပြီး ပီလောပီနံအမှုန့်မှာ ဈေးကွက်ဝယ်လိုအားနည်းပါးခြင်း၊ တိရစ္ဆာန်အစာဝယ်လိုအားနည်းပါးခြင်းကြောင့် ဈေးကွက်တွင် အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)