Main menu

စားအုန်းဆီတင်ပို့မှုအပေါ် အခွန်စည်းကြပ်မှု စည်းမျဉ်းအသစ်များ အင်ဒိုနီးရှား ထုတ်ပြန်

Powered by Drupal

    ကမ္ဘာ့အကြီးမားဆုံး စားအုန်းဆီတင်ပို့သူဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် ပြိုင်ဘက် စားသုံးဆီများနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေရေး လုပ်ဆောင်မှုအဖြစ် စားအုန်းဆီတင်ပို့မှု အပေါ် ကောက်ခံသော အခွန်နှုန်းထားများကို လစဉ်ထုတ်ပြန်ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းအသစ်များအား စက်တင်ဘာ ၁၉ ရက်နေ့၌ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိ ရသည်။

    ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်သက်ရောက်မှုရှိမည့် အဆိုပါ စည်းမျဉ်း အသစ်များအရ ပြည်ပသို့ စားအုန်းဆီကြမ်း တင်ပို့ရာတွင် အစိုးရက အခါအားလျော်စွာထုတ်ပြန်သော ရည်ညွှန်းဈေးနှုန်း၏ ၇.၅ ရာခိုင်နှုန်းကို ပို့ကုန်အခွန်အဖြစ် စည်းကြပ်မည်ဖြစ်သည်။ ပြုပြင် သန့်စင်ပြီး စားအုန်းဆီချော တင်ပို့ရာ၌မူ ပိုမိုသန့်စင်ကောင်းမွန်သော ဆီချောဖြစ်ပါက နိမ့်ကျသည့် အခွန်နှုန်းထားကို ပေးဆောင်စေသည့်စနစ်ဖြင့် သတ်မှတ်ရည်ညွှန်ဈေးနှုန်းများ၏ ၃ ရာခိုင် နှုန်းမှ ၆ ရာခိုင်နှုန်းအထိကို စည်းကြပ်မည်ဖြစ်ကြောင်း၊ စားအုန်းဆီ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ကောင်းမွန်စေရန်နှင့် တောင်သူများ၏ လတ်ဆတ်ဆီအုန်းသီးခိုင်များ ဈေးကောင်းရရှိ စေရေး ထောက်ပံ့ပေးရန်အတွက် ပြောင်းလဲမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယခု ပို့ကုန်အခွန်နှုန်းထားအသစ်များ ထုတ်ပြန်မှုမတိုင်မီ၌ အင်ဒိုနီးရှားအစိုးရက စားအုန်း ဆီကြမ်း တင်ပို့မှုအပေါ် ကောက်ခံခဲ့သည့် နှုန်းထားများမှာ လစဉ်ထုတ်ပြန်သော ရည်ညွှန်းဈေးနှုန်းအတွက် ဈေးနှုန်းအုပ်စုများ ခွဲခြားသတ်မှတ်ချက်ကို မူတည်၍ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၅၅ မှ ၂၄၀ အတွင်းရှိသည်။

     မလေးရှားနိုင်ငံ Selangor ပြည်နယ်အခြေစိုက် စားအုန်းဆီရောင်းဝယ်ရေး အကျိုးဆောင် လုပ်ငန်းတစ်ခုဖြစ်သော Pelindung Bestari မှ ဒါရိုက်တာ Paramalingam Supramaniam က ယခုလုပ်ဆောင်ချက်သည် အထူးသဖြင့် အောက်တိုဘာလမှ စတင်၍ အင်ဒိုနီးရှား ပင်ရင်းဒေသထွက် စားအုန်းဆီများ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုလာစေလိမ့်မည်ဖြစ်ကြောင်း၊ မလေးရှား ပင်ရင်းဒေသထွက် စားအုန်းဆီများသည်လည်း အလားတူ လိုက်ပါယှဉ်ပြိုင်နိုင်ရေးအတွက် အခွန်လျော့ချရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    စားအုန်းဆီသည် ပဲပုပ်ဆီနှင့် နေကြာဆီတို့ကဲ့သို့သော ၎င်း၏ ပြိုင်ဘက်စားသုံးဆီများနှင့် နှိုင်းယှဉ်ပါက ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း နိမ့်ကျလျက်ရှိသဖြင့် ပြောင်းလဲမှုများကို လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်ဟု အစိုးရအရာရှိတစ်ဦးက ယခင်ကပြောဆိုထားခဲ့သည်။ အင်ဒိုနီးရှား အစိုးရအနေဖြင့် လုပ်ကွက်ငယ်တောင်သူများ၏ ဆီအုန်းပင်များ ပြန်လည်စိုက်ပျိုးမှုနှင့် ဇီဝဒီဇယ်ဆီ ထုတ်လုပ်မှုကဲ့သို့သော အစီအစဉ်များသို့ ရန်ပုံငွေထောက်ပံ့ပေးရန်အတွက် အဆိုပါ ပို့ကုန်အခွန် များကို စည်းကြပ်ကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: The Edge Malaysia, 19 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)