အိန္ဒိယနိုင်ငံတွင် စားသုံးဆီများ တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားများအား အစိုးရက မြှင့်တင်ခဲ့သဖြင့် စားသုံးဆီ ပြန်လည်ပြုပြင်သန့်စင်ရေးလုပ်ငန်းများသည် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အိန္ဒိယဆိပ်ကမ်းအရောက် ပေးသွင်းရန် ချုပ်ဆိုထားသော ကုန်ချိန်အားဖြင့် မက်ထရစ်တန် ၁၀၀၀၀၀ ပမာဏရှိသည့် စားအုန်းဆီအဝယ်စာချုပ်များကို ဖျက်သိမ်းခဲ့ကြသည်ဟု ကုန်သည်လုပ်ငန်းရှင် ၅ ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။
မလေးရှား စားအုန်းဆီ ကြိုရောင်းဈေးကွက်၌ ၂ လခွဲခန့် ကာလအတွင်း အမြင့်ဆုံးအဖြစ် ကြိုတင်အရောင်း ဈေးနှုန်းများ မြင့်တက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံရှိ စားသုံးဆီ ပြန်လည်သန့်စင် သည့် စက်ရုံလုပ်ငန်းများအနေဖြင့် စက်တင်ဘာ ၂၃ ရက်နေ့တွင် ဖျက်သိမ်းလိုက်သည့် တန်ချိန် ၅၀၀၀၀ အပါအဝင် အဆိုပါ စားအုန်းဆီတန်ချိန်ပမာဏ စုစုပေါင်းကို ၄ ရက်တာကာလအတွင်း စာချုပ်များ ပယ်ဖျက်ခဲ့ကြခြင်းဖြစ်သည်။
အချို့သော လုပ်ငန်းရှင်များက ပဲပုပ်ဆီ ဝယ်ယူရန် ပြောင်းလဲခဲ့ကြသဖြင့် ပဲပုပ်ဆီ ဈေးနှုန်း များကို မြင့်တက်လာစေနိုင်သော်လည်း အိန္ဒိယကုန်သည်များ၏ အဝယ်စာချုပ်များ ဖျက်သိမ်းမှု သည် မလေးရှားစားအုန်းဆီဈေးကွက်၌ ဈေးနှုန်းများ အပြိုင်အဆိုင်မြင့်တက်မှုကို ကန့်သတ်ချက် ဖြစ်စေဖွယ်ရှိသည်။
အိန္ဒိယအစိုးရသည် စက်တင်ဘာလ အစောပိုင်းတွင် စားသုံးဆီကြမ်းနှင့် သန့်စင်ပြီးစားသုံး ဆီချောများအပေါ် စည်းကြပ်သည့် အခြေခံအကောက်ခွန်နှုန်းထားများကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ ရာ စားအုန်းဆီကြမ်း တင်သွင်းမှုအပေါ် ကောက်ခံသော အခွန်စုစုပေါင်းသည် ၅.၅ ရာခိုင် နှုန်းသာရှိရာမှ ၂၇.၅ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်။
အိန္ဒိယ အရှေ့ပိုင်းကမ်းရိုးတန်းဒေသ၌ စားသုံးဆီ ပြန်လည်ပြုပြင်သန့်စင်မှုကို လုပ်ကိုင် လျက်ရှိပြီး အောက်တိုဘာလအတွက် သင်္ဘောတင်ပို့မည့် စားအုန်းဆီအဝယ်စာချုပ်ကို ဖျက်သိမ်း ခဲ့သော အိန္ဒိယလုပ်ငန်းရှင်တစ်ဦးက သွင်းကုန်အပေါ် အကောက်ခွန်နှုန်းမြင့်မားစွာတိုးမြှင့်မှုနှင့် မလေးရှားဈေးကွက်၌ ဈေးနှုန်းများ ရုတ်တရက်ခုန်တက်လာမှုသည် လုပ်ငန်းရှင်တိုင်းအတွက် အံ့အားသင့်ဖွယ်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်မှုသည် စာချုပ်အဟောင်းများအတိုင်း ဆီကြမ်းဝယ် ယူ သန့်စင်ပြီး ဆီချောရောင်းချခြင်းထက် ၎င်းစာချုပ်များဖျက်သိမ်းခြင်းက ပိုမိုအကျိုးရှိမည့် အခြေ အနေကို ဖန်တီးပေးလျက်ရှိကြောင်း၊ ဆီကြမ်းရောင်းချသူများ အနေဖြင့်လည်း ဝယ်လက်အသစ် များထံ ပိုမိုမြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းချမှုပြုနိုင်ကြောင်း ပြောဆိုခဲ့သည်။
အိန္ဒိယနိုင်ငံသည် လစဉ် ပျမ်းမျှ စားအုန်းဆီတန်ချိန် ၇၅၀၀၀၀ ခန့်ကို တင်သွင်းလျက်ရှိရာ စာချုပ်များ ဖျက်သိမ်းခဲ့သော တန်ချိန် ၁၀၀၀၀၀ သည် လစဉ်တင်သွင်းမှု ပမာဏ၏ ၁၃.၃ ရာခိုင် နှုန်းခန့်ရှိသည်။ လက်ရှိကာလတွင် အိန္ဒိယဆိပ်ကမ်းသို့ အောက်တိုဘာလအရောက် ပေးပို့ရောင်း ချရန် သင်္ဘောတင်စရိတ်၊ အာမခံကြေးနှင့် သယ်ယူပို့ဆောင်စရိတ်များ ပါဝင်ပြီးဖြစ်သည့် စားအုန်း ဆီကြမ်း ၁ တန်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၀၈၀ (ရင်းဂစ် ၄၅၃၈.၁၆) ခန့်ဖြင့် ကမ်းလှမ်း မှုရှိပြီး ယခင် ၁ လခန့်၌ ဖြစ်ပေါ်ခဲ့သော ဒေါ်လာ ၉၈၀ မှ ၁၀၀၀ အတွင်း ဈေးနှုန်း ဖြင့် နှိုင်းယှဉ်ပါက ၁ တန်လျှင် ဒေါ်လာ ၈၀ မှ ၁၀၀ အထိ ဝယ်ယူသူများအတွက် အမြတ်အစွန်းခြားနားမှု ဖြစ်ပေါ်စေ လျက်ရှိသည်။
အရှေ့ဘက်ကမ်းရိုးတန်းဒေသရှိ စားသုံးဆီ ပြန်လည်ပြုပြင်သန့်စင်မှုလုပ်ငန်း လုပ်ကိုင်သူများသည် စာချုပ်များဖျက်သိမ်းခြင်းဖြင့် ပိုမိုအကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်လျက်ရှိကြသည်ဟု စားသုံးဆီတင်သွင်းမှုလုပ်ကိုင်သည့် ဦးဆောင်ကုမ္ပဏီကြီးတစ်ခုဖြစ်သော Patanjali Foods Ltd မှ ဒုတိယဥက္ကဋ္ဌ Aashish Acharya က ပြောကြားခဲ့သည်။
ဟင်းသီးဟင်းရွက်ဆီ ရောင်းဝယ်ရေးနှင့် အတိုင်ပင်ခံလုပ်ငန်းဖြစ်သော Sunvin Group မှ အမှုဆောင်အရာရှိချုပ် Sandeep Bajoria ကလည်း ဆီပြန်လည်ပြုပြင်သန့်စင်သူများအတွက် ယခုကဲ့သို့ ဈေးနှုန်းများမြင့်မားသည့် အခြေအနေတွင် ဒီဇင်ဘာလ၌ ကုန်ဆုံးမည့် ၃ လပတ်ကာလအတွင်း ဝယ်လိုအားမည်မျှရှိမည်မှာ သေချာရေရာမှု မရှိကြောင်း၊ ၎င်းတို့အနေဖြင့် ဈေးနှုန်းများ အမြင့်ပိုင်း၌ ဆက်လက်တည်ရှိနေမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ ဤအချက်က အဝယ်စာချုပ်များ ကို ဖျက်သိမ်းမှု ဖြစ်စေခဲ့သည့် အကြောင်းအရင်းဖြစ်ကြောင်း ပြောဆိုထားသည်။
ဈေးနှုန်းအတက်အကျကို တုံ့ပြန်လွယ်သော အာရှဒေသမှဝယ်ယူသူများသည် သမားရိုးကျ အားဖြင့် ဈေးနှုန်းနည်းပါးမှုနှင့် သင်္ဘောတင်ပို့ချိန်ကာလ တိုတောင်းမှုတို့အရ စားအုန်းဆီအပေါ် အမှီပြုနေကြခြင်းဖြစ်သည်။ သို့သော် မကြာသေးမီကာလ၌ ဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ စားအုန်းဆီ ကုန်သွယ်ရောင်းဝယ်မှုမှာ ပဲပုပ်ဆီကို ကျော်လွန်လျက် ပရီမီယံဈေးနှုန်းအဆင့်သို့ ရောက်ရှိလာခဲ့သည်။
ဝယ်ယူသူများအနေဖြင့် ဆောင်းရာသီကာလအတွက် ဈေးနှုန်းမြင့်မားသည့် စားအုန်းဆီထက် ဈေးနှုန်းပိုမိုသက်သာသော ပဲပုပ်ဆီနှင့် နေကြာဆီများကို ပြောင်းလဲဝယ်ယူကြလိမ့်မည်ဟု မွန်ဘိုင်းမြို့အခြေစိုက် စားသုံးဆီ ဖြန့်ဖြူးရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
စားအုန်းဆီသည် နိမ့်ကျသောအပူချိန်၌ ဆီခဲခြင်းဖြစ်ပေါ်လေ့ရှိသဖြင့် ဆောင်းရာသီဥတု ကျရောက်သည့် လများအတွင်း အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုမှာ ပုံမှန်အားဖြင့် ပမာဏ အသင့်အတင့်သာရှိသည်။ အိန္ဒိယနိုင်ငံအနေဖြင့် စားအုန်းဆီကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်း တို့မှလည်းကောင်း၊ ပဲပုပ်ဆီနှင့် နေကြာဆီတို့ကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့မှ လည်းကောင်း အဓိကဝယ်ယူတင်သွင်းခြင်းဖြစ်သည်။
Source: The Edge Malaysia, 23 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)