Main menu

ရာသီဥတုဆိုးရွားမှုကြောင့် အိန္ဒိယ၏ ကော်ဖီအထွက် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်

Powered by Drupal

    အိန္ဒိယနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ် လျက်ရှိသော ကာနာတကာပြည်နယ်၌ ယခုနှစ် ရာသီဥတု ပုံသဏ္ဌာန် မမှန်မှုကြောင့် သီးနှံအထွက် ပမာဏ ၂၀ မှ ၃၀ ရာခိုင်နှုန်းအတွင်း လျော့နည်းဆုံးရှုံးမှုဖြစ်ပေါ်နိုင်ခြေကို တောင်သူများက စိုးရိမ် လျက်ရှိပြီး ၂၀၂၄-၂၅ သီးနှံရာသီနှစ်တွင် တစ်နိုင်ငံလုံး ကော်ဖီထုတ်လုပ်မှုမှာ ၂၀ ရာခိုင်နှုန်းခန့် လျော့ကျဖွယ်ရှိကြောင်း သိရှိရသည်။

    ယခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ပုံမှန်ထက် အပူချိန်မြင့်မားခဲ့ပြီး မုတ်သုံရာသီ အကြိုကာလ၌ ကာလရှည်ကြာစွာ ခြောက်သွေ့မှုဖြစ်ပေါ်ခြင်းကြောင့် ကော်ဖီပင်များ ပန်းပွင့်မှုမှာ ထိခိုက်မှုရှိခဲ့သည်။ ထို့အပြင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ပိုမိုရွာသွန်းမှုများ တစ်ဆက်တည်း ဖြစ်ပေါ်ခြင်းကလည်း ‌ကော်ဖီဘယ်ရီအသီးများ ကြွေကျမှုကို ဖြစ်ပေါ်စေခဲ့ပြီး အမြစ်ပုပ်ရောဂါ ကျရောက်မှုကဲ့သို့သော ရောဂါဘယများသည်လည်း သီးနှံအထွက်ကျဆင်းစေသည့် အကြောင်း အရင်းဖြစ်ခဲ့သည်။

    ကော်ဖီပင်များ၏ ကောင်း၊ သင့်၊ ညံ့ အခြေအနေမှာ နေရာကွက်ကျားဖြစ်ပေါ်လျက်ရှိပြီး ကာလရှည်ခြောက်သွေ့ခြင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းခြင်းကဲ့သို့ ရာသီဥတုအစွန်းရောက်ဖြစ် စဉ်များ၏ သီးနှံအထွက်အလားအလာအပေါ် သက်ရောက်မှုမှာ ဆက်လက်ရှိ‌နေခဲ့ကြောင်း၊ သီးနှံ များ၏ စုစုပေါင်းထိခိုက်ဆုံးရှုံးမှုမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိနိုင်ကြောင်း၊ ရိုဘတ်စတာ ကော်ဖီများထက် အာရေးဘီးကားကော်ဖီ အထွက်ပမာဏသည် ပိုမိုလျော့နည်းဖွယ်ရှိကြောင်းဖြင့် ကာနာတကာ ပြည်နယ် စိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ KG Rajeev က ပြောကြားခဲ့သည်။

     ကာနာတကာပြည်နယ်တွင် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းလျက် မိုးရေချိန်ပိုမို ခဲ့ပြီး လက်ရှိအချိန်အထိ မုတ်သုံကာလ၏ မိုးဆက်လက်ရွာသွန်းမှုမှာ ပုံသဏ္ဌာန် အမျိုးမျိုးဖြစ်ပေါ် နေဆဲဖြစ်သည်။ အိန္ဒိယမိုးလေဝသဦးစီးဌာန၏ အချက်အလက်များအရ ယခုနှစ် မုတ်သုံရာသီ အတွင်း အဆိုပါပြည်နယ်တွင် ဇွန် ၁ ရက်နေ့မှ လက်ရှိအချိန်အထိ မိုးရွာသွန်းမှုသည် Kodagu ခရိုင် ၌ ၅ ရာခိုင်နှုန်းနှင့် Chikmagaluru ခရိုင်တွင် ၄၇ ရာခိုင်နှုန်းအထိ ပိုမိုလျက်ရှိသော်လည်း Hassan ခရိုင်၌မူ ၁၄ ရာခိုင်နှုန်း လျော့နည်းလျက်ရှိနေကြောင်း သိရှိရသည်။ ကော်ဖီ အဓိကစိုက်ပျိုးရာ နယ်မြေဒေသများတွင် မိုးဆက်လက်ရွာသွန်းမှုရှိနေဆဲဖြစ်သည်။

     Kodagu ခရိုင် စိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ A Nanda Belliappa က မုတ်သုံအကြိုကာလ၌ ကာလရှည်ခြောက်သွေ့မှုနှင့် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှု တို့ကြောင့် ကော်ဖီအထွက်ပမာဏသည် ယခင်နှစ်ထုတ်လုပ်မှုအောက် ၂၀ မှ ၃၀ ရာခိုင်နှုန်းအတွင်း ကျဆင်းနိုင်ကြောင်း၊ လုပ်သားအင်အား ပြတ်လပ်မှုကလည်း ကော်ဖီစိုက်ခင်းများ၌ အရိပ်ကျ ရောက်မှု ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်ရန် အခက်အခဲဖြစ်စေကြောင်း၊ အပူချိန်မြင့်မားလျက်ရှိမှုသည်လည်း သီးနှံထွက်ရှိမှုအပေါ် သက်ရောက်မှုရှိကြောင်း၊ ရှေ့လာမည့်လများ၌ မိုးရွာသွန်းမှု ခန့်မှန်းချက်သည် ကော်ဖီသီးနှံအတွက် အလွန်အရေးကြီးကြောင်း ပြောဆိုခဲ့သည်။

   အိန္ဒိယနိုင်ငံတွင် အာရေးဘီးကားကော်ဖီအား နိုဝင်ဘာ-ဒီဇင်ဘာလများ၌ ခူးဆွတ်ရိတ် သိမ်းရမည်တော့မည်ဖြစ်သည်။ ကော်ဖီဘုတ်အဖွဲ့၏ ပန်းပွင့်ချိန်အလွန်ကာလ ခန့်မှန်းချက်များ အရ ၂၀၂၃-၂၄ ခုနှစ်တွင် အာရေးဘီးကားကော်ဖီစေ့ တန်ချိန် ၁.၁၃ သိန်းနှင့် ရိုဘတ်စတာ ကော်ဖီတန်ချိန် ၂.၆၁ သိန်း၊ စုစုပေါင်း ကော်ဖီထုတ်လုပ်မှု တန်ချိန် ၃.၇၄ သိန်းခန့် ရှိကြောင်း၊ အဆိုပါ သီးနှံရာသီနှစ်အတွက် အပြီးသတ်ခန့်မှန်းချက်ကို ထုတ်ပြန်မှု မရှိသေးကြောင်း သိရှိရသည်။

   သီးနှံအသစ်ထွက်ရှိမှုသည် ယခင်နှစ်၌ထုတ်လုပ်နိုင်ခဲ့မှုအောက် လျော့နည်းမည်မှာ သေချာကြောင်း၊ အချို့သော နယ်မြေဒေသများတွင် ထိခိုက်လျော့နည်းမှုမှာ ၄၀ ရာခိုင်နှုန်းကို ကျော်လွန်နိုင်ပြီး အချို့‌ဒေသများတွင်မူ အနည်းမျှသာ ထိခိုက်နိုင်ကြောင်း၊ နယ်မြေအားလုံး ခြုံငုံကြည့်ပါက ကော်ဖီအထွက် လျော့နည်းဆုံးရှုံးမှုသည် ၃၀ ရာခိုင်နှုန်း၏ အထက်တွင်ရှိနိုင်ကြောင်း၊ ကော်ဖီဈေးနှုန်းများ ကောင်းမွန်မှုရှိသော်လည်း ရာသီဥတု အပြောင်းအလဲများမှုကြောင့် တောင်သူများ အနေဖြင့် အထွက်ကောင်းမွန်စွာ ရရှိနိုင်မည် မဟုတ်ကြောင်းဖြင့် ကာနာတကာပြည်နယ် စိုက်ပျိုးထုတ်လုပ်သူများ အသင်းချုပ်၏ ဥက္ကဋ္ဌ HT Mohan Kumar က ပြောကြားခဲ့သည်။

   ကီရာလာပြည်နယ်ရှိ ကော်ဖီအဓိကစိုက်ပျိုးရာ  Wayanad ခရိုင်တွင်လည်း မိုးရွာသွန်းမှု လွန်ကဲခြင်းကြောင့် သီးနှံအထွက် ထိခိုက်လျော့နည်းမည့် အခြေအနေရှိသည်။ ဇွန်လအစောပိုင်း၌ ထုတ်ပြန်ခဲ့သော အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ ခန့်မှန်းချက်တွင် အောက်တိုဘာလမှ စတင်မည့် ၂၀၂၄-၂၅ သီးနှံရာသီနှစ်အတွင်း အိန္ဒိယ၏ ကော်ဖီထုတ်လုပ်မှုမှာ အထူးသဖြင့် အာရေးဘီးကားကော်ဖီ အမျိုးအစားသည် အထွက်ကျဆင်းမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

Source: The Hindu Business Line, 23 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)