Main menu

ဘတ်ငွေတန်ဖိုးခိုင်မာမှုနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေက ထိုင်းဆန်ဈေးနှုန်းကို ကျဆင်းစေ

Powered by Drupal

      ကမ္ဘာ့ဈေးကွက်အခြေအနေများနှင့် ထိုင်းဘတ်ငွေတန်ဖိုးခိုင်မာမှုတို့ကြောင့် ထိုင်းနိုင်ငံတွင် ဆန်နှင့် စပါးဈေးနှုန်းများသည် မကြာသေးမီလများအတွင်း သိသိသာသာ ကျဆင်းလာခဲ့သည်။ သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဖြစ်ပေါ်သော ဈေးနှုန်းများအား နှိုင်းယှဉ်ပါက စပါး ၁ တန် လျှင် ပျမ်းမျှဈေးနှုန်းအားဖြင့် ဘတ် ၁၀၀၀ ကျဆင်းခဲ့ပြီး ဆန်ဈေးနှုန်းမှာ ၁ တန်လျှင် ဘတ် ၂၀၀၀ ကျဆင်းလာခဲ့ကြောင်း ထိုင်းဆန်စက်လုပ်ငန်းများအသင်းက သတင်းထုတ်ပြန်ခဲ့သည်။

      အဆိုပါအသင်း၏ ဥက္ကဋ္ဌ Rangsan Sabaimuang က ကမ္ဘာ့ဈေးကွက်တွင် ဆန်ဝယ်ယူမှု လျော့ကျသွားကြောင်း၊ ယခုကဲ့သို့ ထိုင်းဆန်စပါးဈေးနှုန်းများ ကျဆင်းရသည့် အဓိက အကြောင်း အရင်းမှာ ဈေးနှုန်းများယှဉ်ပြိုင်ရမှု အပါအဝင် ပြည်ပနိုင်ငံများမှ ဆန်ဝယ်လိုအား လျော့ကျခဲ့ခြင်း ကြောင့် ဖြစ်ကြောင်း၊ ထိုင်းဆန်များ၏ ဈေးနှုန်းများသည် အခြားနိုင်ငံများထက် မြင့်မားနေသဖြင့်  ဘတ်ငွေတန်ဖိုး ခိုင်မာမှုမှ သက်ရောက်မှုရှိကြောင်း ‌ပြောကြားခဲ့သည်။

      အဆိုပါအခြေအနေသည် အထူးသဖြင့် ဗီယက်နမ်နိုင်ငံအပါအဝင် အခြားဆန်တင်ပို့သည့် နိုင်ငံများနှင့် ဈေးနှုန်းပြိုင်ဆိုင်မှု မြင့်တက်စေခဲ့ကြောင်း၊ နိုင်ငံအသီးသီးမှ ဆန်အရည်အသွေး တူညီသောကြောင့် ဝယ်လက်များအနေဖြင့် ဈေးနှုန်းအပေါ် အဓိကထား၍ ဝယ်ယူကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

    ထိုင်းဆန်တင်ပို့သူများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ Mr. Rangsan က အလေးပေး ပြောဆိုရာတွင် ပထမအချက်မှာ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် လယ်သမားများ ထံမှ စပါးများဝယ်ယူနိုင်ရေးအတွက် ငွေဖြစ်လွယ်မှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊ ဒုတိယအချက်မှာ ဆန်စက်အသင်းအဖွဲ့များအတွက် တင်းကျပ်သော ချေးငွေဆိုင်ရာ စံနှုန်းများနှင့် မူဝါဒ များကို ငွေကြေးအဖွဲ့အစည်းများက ချမှတ်ဆောင်ရွက်လျက်ရှိခြင်း ဖြစ်ကြောင်း၊ တတိယအချက်မှာ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားခြင်းဖြစ်ပြီး ယခုနှစ်တွင် သီးနှံဈေးကောင်းနေသော်လည်း ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှု စရိတ်များ ကြီးမြင့်ခြင်းကြောင့် လယ်သမားများ၏ အကျိုးအမြတ် ရရှိမှုမှာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။

    ချေးငွေကန့်သတ်ချက်များ ဖြေလျှော့ပေးရန် ဘဏ်များသို့ တွန်းအားပေးခြင်းဖြင့် ဆန်စက် လုပ်ငန်းရှင်များအား အကူအညီပေးရန် Mr. Rangsan က အစိုးရထံ တောင်းဆိုထားသည်။ စပါး များကို အရန်ဝယ်ယူထားရှိနိုင်စေရန် လုပ်ငန်းရှင်များသို့ ဘဏ်များမှ ချေးငွေထုတ်ပေးခြင်း၊ စည်းကမ်းသတ်မှတ်ချက် အမျိုးမျိုးကို လျှော့ချခြင်းနှင့် ချေးငွေပမာဏ ကန့်သတ်ချက်ကို တိုးမြှင့်ပေးခြင်းတို့ဖြင့် ဆန်စက်လုပ်ငန်းရှင်များအတွက် ငွေဖြစ်လွယ်မှုကောင်းမွန်အောင် အစိုးရဘက်မှ ကူညီပေးစေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

    ကမ္ဘာ့ဝယ်လိုအား အခြေအနေ၊ အခြားနိုင်ငံများမှ ယှဉ်ပြိုင်မှုနှင့် ပြည်တွင်းဈေးကွက် အခြေအနေများအပါအဝင် အကြောင်းအချက်အမျိုးမျိုးတို့အပေါ်တွင် မူတည်နေသောကြောင့် ဆန်ဈေးနှုန်းများ၏ အနာဂတ် အလားအလာမှာ မရေရာသေးကြောင်း သိရှိရသည်။

    ဆန်စပါးလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူများအနေဖြင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုအကဲဖြတ်ရန် စောင့်ဆိုင်းနေသည့်အတွက် လာမည့်နှစ်၌ ထိုင်းနိုင်ငံ၏ ဆန် ထုတ်လုပ်မှုပမာဏ မည်မျှတိုးလာမည်ကို လက်ရှိတွင် ခန့်မှန်း၍ မရသေးကြောင်း၊  ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းသည် အဆိုပါ ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး ဆန်စက်လုပ်ငန်းရှင်များနှင့် လယ်သမားများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို လျော့ပါးစေရေး အစိုးရမှ ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရန် အကြံပြုခြင်းကို လုပ်ဆောင်လျက်ရှိကြောင်း Mr. Rangsan ပြောကြားခဲ့သည်။

Source: The Nation Thailand, 21 September, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)