Main menu

ယခုနှစ်၌ ရော်ဘာပို့ကုန်တန်ဖိုး ရင်းဂစ် ၃၀ ဘီလီယံရရှိရန် မလေးရှားရော်ဘာကောင်စီ မျှော်မှန်း

Powered by Drupal

    ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်ကာလမှာပင် ပြည်ပသို့ ရော်ဘာအမြောက်အမြားတင်ပို့နိုင်ခဲ့ရာ မလေးရှားနိုင်ငံ၏ ရော်ဘာနှင့် ရော်ဘာပို့ကုန်များအား ပြည်ပသို့တင်ပို့မှုသည် ယခုနှစ်အကုန်တွင် ရင်းဂစ် ၃၀ ဘီလီယံအထိ ရှိလာနိုင်မည်ဟု မလေးရှားရော်ဘာကောင်စီ (Malaysian Rubber Council  ̶  MRC) က ခန့်မှန်းထားကြောင်း သိရှိရပါသည်။

     မလေးရှားနိုင်ငံ၏ ရော်ဘာနှင့် ရော်ဘာထုတ်ကုန်များတင်ပို့မှု တန်ဖိုးသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ရင်းဂစ် ၁၅.၅ ဘီလီယံအထိ သိသာစွာပြန်လည်တိုးတက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၆.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အဆိုပါ တင်ပို့မှုတန်ဖိုး၌ ရော်ဘာ ထုတ်ကုန်များသည် ၇၀.၅ ရာခိုင်နှုန်း ပါဝင်လျက် ရင်းဂစ်ငွေ ၁၀.၉ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလတင်ပို့မှုထက် ၂၉.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ရော်ဘာတင်ပို့မှုတန်ဖိုးမှာ ရင်းဂစ် ၄.၆ ဘီလီယံ ရှိကြောင်း စက်တင်ဘာ ၂၃ ရက်နေ့၌ MRC က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

   ရော်ဘာလက်အိတ်များကို အများဆုံးတင်ပို့လျက်ရှိရာ ရော်ဘာထုတ်ကုန်တင်ပို့မှု စုစု ပေါင်း၏  ၆၂.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ရရှိခဲ့သည့် ရင်းဂစ် ၅.၈ ဘီလီယံထက် ၁၆.၇ ရာခိုင်နှုန်း ပိုမိုပြီး ၂၀၂၄ ခုနှစ်ပထမနှစ်ဝက်တွင် ရင်းဂစ် ၆.၈ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း MRC ၏ ပြောကြားချက်အရ သိရှိရပါသည်။

    ကျန်းမာ‌ရေးကဏ္ဍအတွက် မလေးရှားနိုင်ငံမှ ထုတ်လုပ်သည့် အရည်အသွေးမြင့်မားသော လက်အိတ်များကို ကမ္ဘာတစ်ဝန်းမှ ဝယ်လိုအား များပြားလျက်ရှိရာ ဆေးရုံသုံး လက်အိတ်များ တင်ပို့မှုမှ ရင်းဂစ် ၅ ဘီလီယံရရှိခဲ့ပြီး ၁၅.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ဒုတိယ အများဆုံး တင်ပို့သော ရော်ဘာထုတ်ကုန်မှာ တာယာများဖြစ်ပြီး အများစုသည် နျူမက်တစ်တာယာ အမျိုးအစားအသစ် (New Pneumatic Tyres) ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်ပထမနှစ်ဝက်တွင် ကမ္ဘာ့ ဈေးကွက်အသီးသီးသို့ တင်ပို့ခဲ့ရာ ဘရာဇီးနိုင်ငံသို့ ၂၂.၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း၊ သို့သော် တာယာတင်ပို့မှုသည် ၁.၇ ရာခိုင်နှုန်းခန့် အနည်းငယ်ကျဆင်းခဲ့ပြီး ရင်းဂစ်ငွေ ၉၆၃.၈ သန်းသာရှိကြောင်း သိရှိရပါသည်။

    ရော်ဘာလက်အိတ်အပြင် ရော်ဘာစေးထုတ်ကုန်များဖြစ်သည့် ခွဲစိတ်ခန်းသုံး ရော်ဘာပိုက် နှင့် ရော်ဘာကြိုးပြား တို့ကိုလည်း တင်ပို့လျက်ရှိရာ ခွဲစိတ်ခန်းသုံး ရော်ဘာပိုက်တင်ပို့မှုသည် ၁၅.၈ ရာခိုင်နှုန်းဖြင့် ရင်းဂစ် ၂၉၈.၁ သန်းသို့ရောက်ရှိခဲ့ပြီး ရော်ဘာကြိုးပြားတင်ပို့မှုသည် ၁၅.၅ ရာခိုင် နှုန်းဖြင့် ရင်းဂစ် ၂၈၂.၅ သန်းသို့ မြင့်တက်ခဲ့ပါသည်။

      ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း မလေးရှားနိုင်ငံ၏ စက်မှုနှင့် အထွေထွေသုံး ရော်ဘာပစ္စည်းများ ပြည်ပတင်ပို့မှုသည် အပြုသဘောဆောင် တိုးတက်ခဲ့ပြီး၊ ၆.၇ ရာခိုင်နှုန်းဖြင့် ရင်းဂစ် ၉၃၃.၉ သန်းနှင့် ၅.၁ ရာခိုင်နှုန်းဖြင့် ရင်းဂစ် ၈၅၄.၂ သန်းအသီးသီးရရှိခဲ့ကြောင်း၊ ရော်ဘာဖိနပ် တင်ပို့မှုသည် ၅.၆ ရာခိုင်နှုန်းဖြင့် စံချိန်တင်တိုးတက်ခဲ့ပြီး ပို့ကုန်တန်ဖိုး ရင်းဂစ် ၃၆၄.၉ သန်းကို ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

    MRC ၏ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုသည် မလေးရှား ရော်ဘာထုတ်ကုန်များအတွက် အကြီးဆုံးဈေးကွက်အနေဖြင့် ဆက်လက်ရပ်တည်လျက် ရင်းဂစ် ၃.၄၃ ဘီလီယံ တန်ဖိုးရှိသည့် ရော်ဘာပို့ကုန်စုစုပေါင်း၏ ၃၁.၄ ရာခိုင်နှုန်းတင်ပို့ခဲ့ရပြီး၂၀၂၃ ခုနှစ် ကာလတူထက် ၂၃.၁ ရာခိုင်နှုန်း သိသာစွာ တိုးတက်ခဲ့ကြောင်း၊ အခြား အဓိကတင်ပို့သော ဈေးကွက်များမှာ ရင်းဂစ်‌ငွေ တန်ဖိုးအားဖြင့် ၅၉၃.၁ သန်းဖြင့်  တရုတ်နိုင်ငံ၊ ၅၈၆.၄ သန်းဖြင့် ဂျပန်နိုင်ငံ၊ ၅၈၁ သန်းဖြင့် ဂျာမနီနှင့် ၄၇၀.၁ သန်းဖြင့် စင်ကာပူနိုင်ငံတို့အသီးသီးဖြစ်ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia, 23 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)