ဗီယက်နမ်နှင့် ကနေဒါ နှစ်နိုင်ငံမှ လုပ်ငန်းရှင်နှစ်ဦးတို့ ဖက်စပ်လုပ်ကိုင်သည့် KD Trading ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီသည် စျေးကွက်သုတေသနများကို စေ့စပ်သေချာစွာ လုပ်ဆောင်ခဲ့ ပြီးနောက် ကနေဒါနိုင်ငံသို့ တင်သွင်းရန် ST25 အမျိုးအစား ဆန်ထုတ်လုပ်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါ ST25 ဗီယက်နမ်ဆန်ကို တစ်ဦးတည်း ဖြန့်ဖြူးသူအဖြစ် ကနေဒါဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။
ကုမ္ပဏီအနေဖြင့် ST25 ဆန်အား စျေးကွက်အသစ်တွင် လက်ခံလာစေရန် တိကျသေချာ သော ကာလရှည် မဟာဗျူဟာများကို ချမှတ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Kevin Le က ပြောကြားခဲ့သည်။
ဗီယက်နမ် စိုက်ပျိုးရေးအင်ဂျင်နီယာ Hồ Quang Cua နှင့်အဖွဲ့မှ သုတေသနပြုထုတ်လုပ် ခဲ့ပြီး Mr Cua's rice အမည်ဖြင့် လူသိများသော အဆိုပါ ST25 ဆန်အမျိုးအစားသည် ၂၀၁၉ နှင့် ၂၀၂၃ ခုနှစ်များတွင် ကမ္ဘာ့အကောင်းဆုံးဆန် အဖြစ် ဆုရရှိခဲ့သည်။
ကနေဒါနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးသံမှူး Trần Thu Quỳnh က ပြည်ပရှိ ဗီယက်နမ် လုပ်ငန်းရှင်များအနေဖြင့် ဗီယက်နမ်နိုင်ငံ၏ ဆန်ထွက်ကုန်များကို ကနေဒါဈေးကွက်သို့ ဝင်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့မှုအပေါ် များစွာကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ ယခင်က ဗီယက်နမ် လုပ်ငန်းရှင်များသည် ကနေဒါသို့ ဆန်တင်ပို့ရန် ကြိုးစားခဲ့သော်လည်း အရည်အသွေး နိမ့်သော ဆန်များကိုသာ တင်ပို့နိုင်ခဲ့ကြောင်း၊ ကနေဒါရှိ ဗီယက်နမ် စီးပွားရေးလုပ်ငန်းများသည် ST25 ကဲ့သို့သော အရည်အသွေးမြင့် အမှတ်တံဆိပ်ပါ ဆန်ထုတ်ကုန်များကို ကနေဒါဈေးကွက်သို့ တိုးမြှင့်ပို့ဆောင်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံသည် ၁ နှစ်လျှင် ဆန်တန်ချိန် ၅၀၀၀၀၀ ခန့် တင်သွင်းမှုရှိပြီး ဆန်စားသုံးမှု အသင့်အတင့် ကြီးမားသော ဈေးကွက်ဖြစ်သည်။ သို့သော် ဆန်အရည်အသွေးနှင့် ပတ်သက်၍ တင်းကျပ်သော သတ်မှတ်ချက်များ ချမှတ်ထားသည်။
သွင်းကုန်ဆန်များ၏ အရည်အသွေး ကောင်းမွန်စေရန်အတွက် ဗီယက်နမ်ကုန်သွယ်ရေးရုံး၊ ပို့ကုန်လုပ်ငန်းရှင်များ၊ တင်သွင်းသူများနှင့် ဖြန့်ဖြူးသူများ အပါအဝင် ကဏ္ဍပေါင်းစုံမှ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း Ms. Quỳnh က ပြောကြားခဲ့သည်။
ယခုနှစ် ပထမနှစ်ဝက်တွင် ကနေဒါသည် ဆန်တင်သွင်းမှုတွင် အမေရိကန်ဒေါ်လာ ၂၀၇ သန်း သုံးစွဲခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလထက် ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ဗီယက်နမ်သည် လက်ရှိတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆.၅ သန်းခန့်ဖြင့် ကနေဒါသို့ ဆန် တင်ပို့သည့် ထိပ်တန်းငါးနိုင်ငံစာရင်းတွင် ပါဝင်နေကြောင်း သိရပါသည်။
Source: Vietnam News, 19 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)