မျှစ်သည် သဘာဝအလျောက် ပေါက်ရောက်လေ့ရှိပြီး မိုးရာသီတွင် အများဆုံးပေါက်လေ့ရှိပါသည်။ မိုးရာသီတွင် အိမ်ရှင်မများ၏ မိသားစုထမင်းဝိုင်းတွင် ရာသီစာဟင်းလျာအဖြစ် မျှစ်ကိုပြုတ်ကာ ငါးပိရည်အတို့အမြှပ်အဖြစ် စားကြသကဲ့သို့ တချို့အိမ်ရှင်မများကလည်း ဟင်းလျှာအမျိုးမျိုးအဖြစ် ချက်စား၊ ကြော်စားကြပါသည်။ မျှစ်သည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးစွမ်းနိုင်သည့် အစားအသောက်တစ်ခုဖြစ်ပါသည်။
မျှစ်စားခြင်းမှရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ(၁၀)ချက်ကို ကျန်းမာရေးဆိုင်ရာ သိကောင်းစရာဗဟုသုတအဖြစ် ကောက်နုတ်ကိုးကားဖော်ပြအပ်ပါသည်။ ၎င်းတို့မှာ- ကယ်လိုရီပါဝင်မှုနည်းပါးခြင်း၊ သကြားပါဝင်မှုနည်းပါးခြင်း၊ အဆီပါဝင်မှုမပါသလောက်နည်းပါးခြင်း၊ ပရိုတင်းဓာတ်ပါဝင်ခြင်း၊ ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်ခြင်း၊ ဝိတ်ကျစေခြင်း၊ နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလျော့ကျစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အူမကြီးလုပ်ဆောင်ချက်ကို ကူညီပေးနိုင်ခြင်း၊ အနာကျက်မြန်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိပြီး မျှစ်သည် စားသုံးသင့်သည့် အစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ထွက်ရှိသော မျှစ်ဈေးနှုန်းမှာ ကျိုင်းတုံမြို့မဈေး၌ တစ်စည်းလျှင် အစည်းအကြီး/ အသေးပေါ်မူတည်၍ (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်ပေးဝယ်ရပါသည်။ တစ်စည်းလျှင် (၁၀) လက်မခန့်အရှည်ရှိသည့် မျှစ် ၅ချောင်း/ ၆ချောင်းရှိပြီး မျှစ်သည် အရင်းအနှီးစိုက်ထုတ်စရာမလိုဘဲ သဘာဝကပေးသော တောတောင်များ၌ မျှစ်ရှာသွား၍ မျှစ်ချိုးသူများသာရရှိကာ မျှစ်ကိုရောင်းချခြင်းဖြင့် အိမ်သုံးစရိတ်ဝင်ငွေရရှိနေကြောင်းသိရပါသည်။
DOCA(ရှမ်း)