ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် ရေခံ၊ မြေခံကောင်းသည်နှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကစိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးရာသီ မေလမှစ၍ ဖူးစားပြောင်း (ခေါ်) သကြားပြောင်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ဖူးစားပြောင်း(ခေါ်) သကြားပြောင်းသည် ဩဂုတ်လ ပထမပတ်တွင် စတင်ထွက်ရှိပြီး စိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေများရရှိကြောင်းသိရှိရပါသည်။
ဖူးစားပြောင်း(ခေါ်) သကြားပြောင်းသည် ရေလုံလောက်စွာရရှိပါက (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်များအနေဖြင့် မျိုးသွင်းအားစု၊ ပိုးသတ်ဆေး၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း (၈) သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ သကြားပြောင်းစိုက်ပျိုးပြီး ရက်ပေါင်း (၈၀) မှ (၉၀) ရက်အတွင်း အသီးများကို စတင်ခူးဆွတ်နိုင်ပြီး သကြားပြောင်းတစ်ဧကလျှင် အဖူးပေါင်း (၁၄၀၀၀) ခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ လက်ရှိအချိန် စက်တင်ဘာလတွင် ဖူးစားပြောင်း (ခေါ်) သကြားပြောင်းရောင်းချရသည့်ဈေးနှုန်းမှာ တစ်ဖူးလျှင် လက်ကားဈေးနှုန်း (၆၀၀) ကျပ်ဖြင့်လည်းကောင်း၊ လက်လီဈေးနှုန်း (၇၀၀) ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၄) သိန်းကျပ်ခန့်ရရှိကာ ဖူးစားပြောင်း (ခေါ်) သကြားပြောင်းစိုက်တောင်သူများ ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ဈေးကွက်သတင်းအရသိရှိရပါသည်။
DOCA(ရှမ်း)