Main menu

“ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပန်းဂေါ်ဖီထုပ်များ အရောင်းသွက်နေ ”

Powered by Drupal

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ ပင်းတယ၊ လွိုင်လင်နှင့် အနီးတဝိုက်ရှိကျေးရွာများတွင် ရာသီပေါ်သီးနှံဖြစ်သော ပန်းဂေါ်ဖီထုပ်များ စတင်ပေါများစွာထွက်ပေါ်လာပြီဖြစ်ကြောင်းသိရသည်။ အောင်ပန်း၊ ပင်းတယ၊ လွိုင်လင်အနီးတဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ပန်းဂေါ်ဖီထုပ်များကို စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်စားသုံးရန်အတွက်သော်လည်းကောင်း စိုက်ပျိုးကြကြောင်းသိရှိရသည်။

        စိုက်ပျိုးထွက်ရှိလာသော ပန်းဂေါ်ဖီထုပ်များကို အောင်ပန်းမြို့ မြို့မဈေးရှိ အဝယ်ဒိုင်ပွဲရုံများသို့ လာရောက်ရောင်းချကြကြောင်းနှင့် တချို့ကို ရန်ကုန်၊ မန္တလေးနှင့် အခြားနီးစပ်ရာမြို့များသို့လည်း တင်ပို့ရောင်းချကြကြောင်းသိရသည်။ ဈေးနှုန်းများမှာ အကြီးအသေးပေါ်မူတည်၍ လက်ကားဈေး ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၄၀၀) ကျပ်မှ (၈၅၀) ကျပ်အထိရှိပြီး လက်လီဈေး (၅၀၀) ကျပ် (၁၇၀၀) ကျပ်အထိရှိကြောင်းသိရှိရသည်။

         ယခင်အပတ် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ကုန်ပစ္စည်းများမှာ ရောင်းသူဝယ်သူမရှိဘဲ အရောင်းအဝယ်ပါးလျက်ရှိကြောင်းသိရှိရသည်။ ယခုအခါတွင် ရေများလျော့ကျသွားပြီး ကားလမ်းများ ပြန်လည်ပွင့်လင်းလာ၍ ရောင်းဝယ်ကုန်သွယ်မှုများ တဖြည်းဖြည်းပြန်လည်စတင်လာပြီဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရှမ်း)