စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သတင်းအချက်အလက် နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်မြင့်မြင့်သန်းသည် (၂.၄.၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ကိုးထောင့်ကျေးရွာအုပ်စု ကိုးထောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံးကျေးရွာများရှိ ကန်စွန်းဥစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကိုးထောင့်ကျေးရွာအုပ်စု ကိုးထောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံးကျေးရွာများသည် ကန်စွန်းဥကို ရာသီစာသီးနှံတစ်မျိုးအဖြစ် ဧရာဝတီ မြေနုကျွန်း တစ်လျှောက်သဲနုန်းမြေများတွင် နှစ်စဉ်မပျက် စိုက်ပျိုးခြင်းဖြစ်ပါသည်။ ယခုနှစ်တွင် စိုက်ဧကအနေဖြင့် ဧက(၂၀၀၀)ဝန်းကျင်ခန့် စိုက်ပျိုးထားရှိပြီး စိုက်ပျိုးရာတွင် "ဥ" ကန်စွန်းညွှန့်များကို ဝယ်ယူစိုက်ပျိုးပြီး၊ အညွှန့်(၁)သောင်းလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း၊ ကန်စွန်းဥမျိုးမှာ ရွှေဝါနှင့်ငချိတ်(၂)မျိုးရှိကြောင်း၊ ယခုနှစ်တွင် ငချိတ်မျိုးကို အဓိကထားပြီး အများဆုံးစိုက်ပျိုးကြောင်း၊ စိုက်ပျိုးချိန်မှာ နိုဝင်ဘာလလယ်တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီ လတွင်တူးဖော်ကြောင်း၊ သဲနုန်းမြေများတွင် အများဆုံးစိုက်ပျိုးခြင်းဖြစ်၍ မြေသားကောင်းမွန်ခြင်း ကြောင့် မြေဆီ၊ မြေဩဇာများကို အနည်းငယ်သာသုံးစွဲရကြောင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်း သုံးစွဲခြင်းမရှိကြောင်း၊ စိုက်ခင်းအတွင်း၌ ပေါင်းမြတ်အနည်းငယ်သာရှိ၍ မိသားစုဝင်များဖြင့်သာ ပေါင်းသင်ရှင်းလင်းခြင်းဆောင်ရွက်ပါကြောင်း၊ ကန်စွန်းဥ စိုက်ပျိုးရာတွင် အခြားစိုက်ပျိုးသီးနှံများ နှင့်မတူဘဲ ကုန်ကျစရိတ်လည်းသက်သာကြောင်း သိရှိရပါသည်။
ဆောင်းသီးနှံကန်စွန်းဥ (၁)ဧကစိုက်ပျိုး၍ "ဥ"စားကန်စွန်းညွှန့်(၄)သောင်းခန့်ကို အလုပ် သမား(၃၀)ဦးခန့်နှင့် စိုက်ပျိုးရပြီး ကန်စွန်းဥများကို တူးဖော်ရာတွင်လည်း အလုပ်သမား (၃၅)ဦး ခန့်ဖြင့် တူးဖော်ကြောင်း၊ အလုပ်သမားငှားရမ်းခမှာ (၁)မနက်လျှင် အမျိုးသား(၃၅၀၀)ကျပ်၊ အမျိုးသမီး (၂၀၀၀)ကျပ်နှုန်းဖြင့် ပေးရကြောင်း၊ ယခုနှစ်တွင် ရာသီဥတုအနေအထားကောင်းမွန်၍ (၁)ဧကလျှင် အထွက်နှုန်းမှာ မြေသားအနေအထား ကွာဟမှုအရ အညွှန့်(၁)သောင်းစိုက်လျှင် အထွက်နှုန်းပိဿာ(၁၀၀၀/၉၀၀/၈၀၀)ခန့် အမျိုးမျိုးကွဲပြားထွက်ရှိကြောင်း၊ တောင်သူအများစုမှာ ပျမ်းမျှ အထွက်ပိဿာ(၉၀၀)ခန့်ထွက်ရှိ၍ အညွှန့်(၄)သောင်း စိုက်ပျိုးသည့် (၁)ဧကလျှင် ပျမ်းမျှ ပိဿာ(၃၆၀၀)ခန့်ထွက်ရှိကြောင်း၊ (၁)ဧကကုန်ကျစရိတ်မှာ မြေပြုပြင်ခ၊ ကန်စွန်းညွှန့်မျိုး ဝယ်ယူခ၊ အလုပ်သမားငှားရမ်းခ၊ မြေဆီဝယ်ယူခ စုစုပေါင်းကျပ်(၃)သိန်းခန့် ကုန်ကျကြောင်း သိရှိရ ပါသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် ယခင်နှစ်ကထွက်ရှိသည့် ကန်စွန်းဥ(၁)ပိဿာဈေးနှုန်းမှာ ကျပ် (၃၅၀/ ၃၀၀)ဖြစ်ပါကြောင်း၊ ယခုနှစ်လက်ရှိ ဖောက်သည်ဈေးနှုန်းမှာ သီးနှံပေါ်စ(၄၀၀)ကျပ်မှ(၃၅၀/၃၀၀)ကျပ်အထိ အမျိုးမျိုးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ (၁)ဧကလျှင် ပျမ်းမျှပိဿာ (၃၆၀၀)ခန့် ထွက်ရှိ၍ (၃၅၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းရပြီး ဝင်ငွေမှာ ကျပ်(၁၂)သိန်းခန့် ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၉)သိန်းခန့်ရရှိကြောင်း၊ ယခင်နှင့်ယခုနှစ်ဈေးနှုန်းနှိုင်းယှဉ်မှုအရ ကွာဟမှုမရှိသော်လည်း အထွက်နှုန်း ပိဿာမှာ ယခုနှစ်တွင် သိသိသာသာ မြင့်တက်ခြင်းကြောင့် အကျိုးအမြတ်များစွာရရှိကြောင်း ကန်စွန်းဥစိုက်တောင်သူများမှတစ်ဆင့် သိရှိရပါသည်။
ဆောင်းသီးနှံရာသီစာကန်စွန်းဥသည် စားသုံးရာတွင် နူးညံ့၍ ချိုလေးလေးအရသာရှိပြီး အမျှင်ဓါတ်များကြွယ်ဝစွာပါဝင်၍ အစာချေစနစ်ကို ကောင်းမွန်စေသည့်အပြင် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန် စေခြင်းဖြစ်စေ၍ ကန်စွန်းဥကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက်များစွာ အထောက်အကူ ဖြစ်စေသော သီးနှံဖြစ်ပြီး အိမ်ရှင်မများအတွက် အဓိကဟင်းတစ်မယ်မဖြစ်သော်လည်း အရံအချိုပွဲ အစားအစာအဖြစ် ကန်စွန်းဥကို ပြုတ်၍စားခြင်း၊ မီးဖုတ်၍စားခြင်း၊ ဓါးဖြင့်ပါးပါး လှီး၍ ကြော်စား ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း အသင့်စား(ready made) မုန့်မျိုးစုံ အထုပ်/ဗူးများ ဖြင့် ပြည်တွင်းနေရာအနှံ့အပြားသို့ ထုတ်လုပ်ရောင်းချခြင်း၊ အလှူပွဲ၊ မင်္ဂလာပွဲများတွင်လည်း ကန်စွန်းဥဆနွမ်းမကင်းများပြုလုပ်၍ သရေစာအချိုပွဲအဖြစ် ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်သုံးစွဲ ကြ၍ လူတိုင်းကြိုက်နှစ်သက်စွာ စားသောက်သုံးစွဲကြပြီး ပြည်တွင်းစားသုံးမှုများပြားခြင်းကြောင့် စိုက်ပျိုးတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်း များစွာရရှိ၍ စိုက်ပျိုးသူတောင်သူများအနေဖြင့်လည်း မိမိတို့စိုက်ပျိုးထွက်ရှိသော ထွက်ကုန် များမှာ ဈေးကွက်ကောင်း၍ အရောင်းအဝယ်ဖြစ်ပြီး စိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပါးခြင်း ကြောင့် အကျိုးအမြတ်များစွာရရှိသော ရာသီစာဆောင်းသီးနှံကန်စွန်းဥကို နှစ်စဉ်မပျက်တိုးချဲ့ စိုက်ပျိုး သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
DOCA(မကွေး)