Main menu

နတ်တလင်းမြို့နယ် ဒေသထွက်ပိန်းဥများ စတင်ထွက်ရှိ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ သဲကုန်းကျေးရွာ၊ မြို့ခြံကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် သရက်ကုန်းကျေးရွာများတွင် စက်တင်ဘာလမှစ၍ ပိန်းဥများစတင်ထွက်ရှိနေပြီး ပိန်းဥမျက်နှာနီ တစ်ပိဿာ (လက်လီ)(၆၀၀၀)ကျပ်၊ (လက်ကားဈေး)(၅၀၀၀)ကျပ်၊ ပိန်းဥပေါင်တောင် တစ်ပိဿာလျှင် (လက်လီ)(၄၀၀၀)ကျပ်၊ (လက်ကား)(၃၀၀၀)ကျပ်၊ ပိန်းဥသားတက် တစ်ပိသာလျှင် (လက်လီ) (၃၀၀၀)ကျပ်နှင့် (လက်ကား) (၂၅၀၀) ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

      ပိန်းဥကို ဇူလိုင်လပထမပတ်တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလတတိယပတ်တွင် စတင်တူးဖော်ကြပါသည်။ ပိန်းဥများစတင်စိုက်ပျိုးရန်အတွက် မျိုးကို ယခင်နှစ်ကတူးဖော်ထားရှိသော  ပိန်းသားတက်များကို မျိုးအဖြစ်ပြန်လည်အသုံးပြုပါကြောင်း၊ ပိန်းဥတစ်ကျိုးစိုက်ပျိုးရာတွင် (မျိုး၊ မြေပြုပြင်ခ၊ စိုက်ခ၊ ပေါင်းမြက်ရှင်းခ၊ စိုက်ခ၊ ဓာတ်မြေဩဇာ၊ တူးဖော်ခ၊ နွှာခ) စုစုပေါင်း ကုန်ကျ စရိတ် ငွေကျပ် (၅၀၀၀၀၀) ကုန်ကျပါကြောင်း၊ တစ်ကျိုးလျှင် ပိန်းဥအကြီး ပိဿာ (၃၀၀)ခန့်နှင့် သားတက်ပိဿာ(၃၀)ခန့်ထွက်ရှိပါကြောင်းနှင့် ထွက်ရှိလာသောပိန်းဥများကို ဒေသတွင်းမြို့နယ်များနှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချရန် ကုန်သည်များမှ  အိမ်အရောက်ဝယ်ယူမှုများလည်းရှိကြောင်း  ပိန်းစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)