မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ဆုံရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ ရေစကြိုမြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်းနှင့် ဝါသီးနှံများကို စိုက်ပျိုးကြပါသည်။ မိုးသီးနှံများထဲတွင် နိုင်ငံတော်မှ ပြည်တွင်းဖြစ် အဝတ်အထည်များ ထုတ်လုပ်နိုင်ရန်အတွက် အခြေခံလိုအပ်သည့် ချည်များ အများအပြားထွက်ရှိစေရေး ဝါသီးနှံများစိုက်ပျိုးမှုကို ပံ့ပိုးကူညီဆောင်ရွက်လျှက်ရှိပါသည်။ ရေစကြိုမြို့နယ်အနေဖြင့် ဝါသီးနှံကို (၃၁၃၄) ဧက စိုက်ပျိုးကြောင်းသိရှိရပါသည်။ မြေခဲတောင်၊ ကိုင်းမကျီး၊ ပခန်း၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်းကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဝါသီးနှံများကို နှမ်း၊ မြေပဲ၊ ပဲတီစိမ်း သီးနှံခင်းများတွင် ကြားညှပ်စိုက်ပျိုးခြင်းနှင့် အများအား ဖြင့် သီးသန့်စိုက်ပျိုးကြပါသည်။ မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ရွှေတောင်-၁၀၊ ချည်မျှင် ရှည်ဝါများကို ဩဂုတ်လတွင် စတင်စိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် ယခင်နှစ်က (၅)ဧက စိုက်ပျိုး ခဲ့ကြောင်း၊ ယခုနှစ်တွင် (၇)ဧက စိုက်ပျိုးထားရှိကြောင်း၊ (၁)ဧက အနေဖြင့် မျိုးစေ့ (၇)ပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်း တို့အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ (၆) သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် (၁) ဧကတွင် (၂၅၀ မှ၃၅၀) ပိဿာ ထွက်ရှိကြောင်း၊ (၁)ပိဿာလျှင် ကျပ်(၃၅၀၀)ခန့်ရောင်းရပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၅)သိန်း ခန့်ရရှိကြောင်း သိရသည်။
ဝါသီးနှံသည် မိုးသီးနှံဖြစ်သည့်အတွက် မိုးတွင်းကာလမှာ စိုက်ပျိုးကြကာ မိုးကြိုက်သောသီးနှံဖြစ်ပြီး မိုးကောင်းသောနှစ်များတွင် ပိုမိုထွက်ရှိပါကြောင်း၊ သွင်းအားစုဖြစ်သည့် မြေဩဇာနှင့်ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲမည်ဆိုလျှင် ပိုမိုထွက်ရှိနိုင်ပါကြောင်း၊ အခြားသီးနှံများကဲ့သို့ အလုပ်မရှုပ်ပဲ သက်သာသောကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံများမှာ အပင်ဖြစ်ထွန်းအားကောင်းမွန်ပြီး အကိုင်းအခက်များ ဝေဆာကာ အသီးအပွင့်များ စတင်ပွင့်ဖူးလျက်ရှိပါကြောင်း၊ ရာသီဥတုအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိသဖြင့် ယခုနှစ်တွင် ကုန်ကျစရိတ်များပြားသလို အထွက်နှုန်းများကောင်းနိုင်ကြောင်း၊ တောင်သူများမျှော်လင့်နေသည့် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မကွေး)