ပါကစ္စတန်နိုင်ငံတွင် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ဆန်တင်ပို့ရန် ဝယ်ယူမှုအမှာစာများ လက်ခံရရှိမှု ကျဆင်းနေခြင်းကို မြှင့်တင်ရန်နှင့် ပို့ကုန်တန်ဖိုးမြင့်မားမှုကို လျှော့ချနိုင်ရန်အတွက် ဆန်တင်ပို့မှုအပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းများ သတ်မှတ်ထားခြင်းအား ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပယ်ဖျက်ပေးခဲ့ကြောင်း ပါကစ္စတန် Dawn သတင်းဌာနက ဖော်ပြပါသည်။
အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့တွင် အခြေပြု၍ လုပ်ငန်းဆောင်ရွက်သော အိန္ဒိယကုန်သည်များအနေဖြင့် ပါကစ္စတန်ဆန်ကို ၎င်းတို့၏ ကုန်အမှတ်တံဆိပ်များကပ်နှိပ်လျက် ရောင်းဝယ်ရာတွင် အမြတ်အစွန်းရရှိမှု နည်းပါးစေရေးအတွက် ပါကစ္စတန် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသည် ဆန်အမျိုးအစား များစွာအတွက် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းများကို ယခင်နှစ် နိုဝင်ဘာလမှစတင်၍ သတ်မှတ်ထားခဲ့သည်။ ပါကစ္စတန်အစိုးရက ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းမှာ အိန္ဒိယအစိုးရ၏ ဆန်တင်ပို့မှုအပေါ် တားမြစ်ကန့်သတ်ချက် ချမှတ်ချိန်တွင် ဒူဘိုင်းအခြေစိုက် အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ဝယ်လက်များထံ ဆန်များပေးသွင်းရန် လိုအပ်လျက်ရှိ နေခဲ့ခြင်းကြောင့်ဖြစ်သည်။
ယခုအခါ အိန္ဒိယနိုင်ငံသည် ဆန်တင်ပို့မှုတားမြစ်ချက်ကို ဖြေလျှော့ခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့မှ စတင်သက်ရောက်မှုရှိမည်ဖြစ်ရာ ပါကစ္စတန်အစိုးရကလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ၌ ထုတ်ပြန်ထားခဲ့သော အမိန့်ကြော်ငြာစာကို စက်တင်ဘာ ၂၇ ရက်နေ့တွင် ပြန်လည်ရုတ်သိမ်း ခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်ဆန်ကို တင်ပို့သူနှင့် ကုန်စည်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် Shamsul Islam Khan က အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း သတ်မှတ်ချက်ကို ပြန်လည်ပယ်ဖျက်ရန် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ ရုတ်တရက်ဆုံးဖြတ်ခဲ့မှုသည် ပါကစ္စတန်နှင့် အိန္ဒိယတို့အကြား ဈေးနှုန်း အရ ပြိုင်ဆိုင်မှုကို ပြင်းထန်စေမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ပါကစ္စတန်ဆန်များအား တင်ပို့ရာ၌ တန်ဖိုးအစစ်အမှန် ရရှိနိုင်မှုကင်းမဲ့မည့်အရေးကို စိုးရိမ်မှုရှိကြောင်း၊ အိန္ဒိယနှင့် ဈေးနှုန်းယှဉ်ပြိုင်ရ ခြင်းကြောင့် ပါကစ္စတန်၏ ပို့ကုန်ဝင်ငွေ ကျဆင်းမှုရှိမည်ကို ပို့ကုန်လုပ်ငန်းရှင်များက စိုးရိမ်လျက် ရှိကြောင်း၊ ဆန်တင်ပို့ရာတွင် ဈေးနှုန်းလျှော့ချတင်ပြခြင်းနှင့် အမှန်တင်ပို့မှုအောက် ပမာဏလျော့ နည်း၍ အစီရင်ခံခြင်းများ ပိုမိုများပြားလာမည့် အန္တရာယ်လည်းရှိနေကြောင်းဖြင့် Dawn သတင်း ဌာနသို့ ပြောကြားခဲ့သည်။
ကရာချိမြို့အခြေစိုက် ထိပ်တန်းဆန်တင်ပို့သူ တစ်ဦးကလည်း အနိမ့်ဆုံးပို့ကုန် ဈေးနှုန်းသတ်မှတ်ချက် ထုတ်ပြန်မှုမတိုင်မီကာလ၌ ပါကစ္စတန် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (Trade Development Authority of Pakistan ̶ TDAP) နှင့် ပါကစ္စတန် ဆန်တင်ပို့သူများ အသင်း (Rice Exporters Association of Pakistan ̶ REAP) တို့အကြား သဘောတူညီချက် တစ်ရပ်ရှိခဲ့ပြီး အကောက်ခွန်ဌာနသို့ အသိပေးထုတ်ပြန်နိုင်ရေးအတွက် REAP သည် သက်ဆိုင်ရာ ဆန်အမျိုးအစားအလိုက် အနိမ့်ဆုံးဈေးနှုန်းများကို TDAP ထံသို့ ပံ့ပိုးပေးလေ့ရှိခဲ့ကြောင်း၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်၍ အဆိုပါ သဘောတူညီချက်ကို ပယ်ဖျက်ခဲ့ပြီး ဆန်အမျိုးအစား အသီးသီးအတွက် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းများကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ အချို့သော ဆန်အမျိုးအစားများအတွက် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း သတ်မှတ်ချက်မှာ မြင့်မားလျက်ရှိသဖြင့် REAP ကုန်သည်အသင်းအနေဖြင့် ကျေနပ်မှုမရှိပဲ ပြန်လည်ချိန်ညှိပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်းများ ကျဆင်းနေမှုနှင့် ဒူဘိုင်းအခြေစိုက် အိန္ဒိယကုန်သည်များသည် ပို့ကုန်အရင်းအမြစ်အတွက် အိန္ဒိယလယ်သမားများ ထံမှ သက်သာသောဈေးနှုန်းဖြင့် ပြန်လည်ရယူမည့် အလားအလာများ ရှိနေမှုအရ ဝန်ကြီးဌာနက ယခုကဲ့သို့ ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဒူဘိုင်းဈေးကွက်၌ နာမည်ကျော်ကြားလျက်ရှိသော အိန္ဒိယအမှတ်တံဆိပ် ဆန်အချို့သည် ပါကစ္စတန်မှ ဝယ်ယူလျက် ပြန်လည်ထုပ်ပိုးပြီး အိန္ဒိယကုန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းသာ ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းက အဓိကဆန်ဈေးကွက်များတွင် အိန္ဒိယအမှတ်တံဆိပ်များ၏ လွှမ်းမိုးမှုကို ဖြစ်ပေါ်စေပြီး ပါကစ္စတန် ဆန်တင်ပို့သူများအနေဖြင့် ၎င်းတို့၏ထုတ်ကုန်များ ရောင်း ချရနိုင်ရန်အတွက် အဆိုပါ အမှတ်တံဆိပ်များအပေါ် ကြီးမားစွာ အမှီပြုနေရကြောင်း၊ ပြည်တွင်း၌ ဆန်စပါးအထွက် ကောင်းမွန်မှုရှိစေကာမူ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းများ သတ်မှတ်ထားခြင်းမရှိ ပါက ယခင်နှစ်၌ တင်ပို့ခဲ့သော ဆန်ပို့ကုန်တန်ဖိုးကို ပြည့်မီနိုင်ဖွယ်မရှိသဖြင့် REAP အသင်း၏ ဥက္ကဋ္ဌအသစ်သည် TDAP အာဏာပိုင်အဖွဲ့နှင့် ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်းဖြင့် အဆိုပါ ပို့ကုန် လုပ်ငန်းရှင်က Dawn သတင်းဌာနသို့ စက်တင်ဘာ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
ပါကစ္စတန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်တွင်မူ ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်လာမှုနှင့် အိန္ဒိယ၏ ဆန်တင်ပို့မှု တားမြစ်ကန့်သတ်ချက်တို့ကို တုံ့ပြန်ဆောင်ရွက်မှုအဖြစ် ယခင်နှစ်၌ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကို သတ်မှတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတကာ ဆန်ဈေးနှုန်းများကျဆင်းလာပြီး အိန္ဒိယဘက်မှလည်း ပို့ကုန်တားမြစ်ချက် ကို ရုတ်သိမ်းခဲ့ချိန်၌ ကမ္ဘာ့ဈေးကွက်တွင် ပါကစ္စတန်ဆန်တင်ပို့သူများအတွက် ၎င်းဈေးနှုန်း သတ်မှတ်ချက်များက အတားအဆီးသဖွယ် ဖြစ်ပေါ်လာနိုင်ကြောင်း၊ သို့ဖြစ်၍ REAP အသင်း၏ တောင်းဆိုမှုအပေါ် ဝန်ကြီး Jam Kamal ၏ လမ်းညွှန်ချက်အရ ဆန်တင်ပို့မှု အနိမ့်ဆုံးပို့ကုန် ဈေးနှုန်းများ သတ်မှတ်ချက်ကို ပယ်ဖျက်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
Source: Dawn, 29 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)