အိန္ဒိယနိုင်ငံတွင် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအပေါ် ပိတ်ပင်တားမြစ်ချက်အား အစိုးရက စက်တင်ဘာ ၂၈ ရက်နေ့တွင် ဖယ်ရှားပေးခဲ့ပြီး တစ်တန်လျှင် အနိမ့်ဆုံး ပို့ကုန်စျေးနှုန်း သတ်မှတ်ချက် အမေရိကန်ဒေါ်လာ ၄၉၀ နှုန်းဖြင့် ပြန်လည်တင်ပို့ခွင့်ပြုခဲ့ပါသည်။
အိန္ဒိယ နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) ၏ အမိန့်ကြော်ငြာစာတွင် တစ်ပိုင်းတစ်စ သို့မဟုတ် အပြည့်အဝ ကြိတ်ခွဲထားသောဆန်များ၊ အရောင်တင်ခြင်း သို့မဟုတ် အရောင်တင်ထားခြင်းမရှိသောဆန်များ အပါအဝင် ဘာစမာတီမဟုတ်သော ဆန်ဖြူအတွက် ပို့ကုန်မူဝါဒကို တားမြစ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာတင်ပို့နိုင်သော ကုန်စည်အဖြစ်သို့ ပြင်ဆင်လိုက်ကြောင်း၊ အမိန့်တစ်စုံတစ်ရာ ထပ်မံထုတ်ပြန်ခြင်း မပြုမီအချိန်အထိ တစ်တန်လျှင် အနိမ့်ဆုံးပို့ကုန်စျေးနှုန်း (MEP) အမေရိကန်ဒေါ်လာ ၄၉၀ သတ်မှတ်ကြောင်း၊ ယခုအမိန့်သည် ချက်ချင်း လက်ငင်းအကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်တားမြစ်ထားခဲ့သော်လည်း အခြားနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်များ အပေါ်အခြေခံ၍လည်းကောင်း၊ ၎င်းနိုင်ငံများ၏ တောင်းဆိုမှုအရလည်းကောင်း ဖြည့်ဆည်းပေးရန်အတွက် တင်ပို့ခွင့်ပြုခဲ့ကြောင်း၊ တားမြစ်ထားသည့် ကာလအတွင်း ထိုသို့ဆန်တင်ပို့ပေးခဲ့သည့် နိုင်ငံများမှာ နီပေါ၊ မောရစ်ရှပ်၊ နမီးဘီးယားနှင့် အခြားအာဖရိကနိုင်ငံများဖြစ်ကြကြောင်း သိရသည်။
Source: Economic Times, 28 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)