မလေးရှားနိုင်ငံသည် ပါကစ္စတန်မှ ဘာစမာတီဆန် တန်ချိန် ၁၀၀၀၀၀ ကို ဝယ်ယူမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိသော ဟာလာအသားများကိုလည်း နှစ်စဉ် ဝယ်ယူတင်သွင်းလိမ့်မည်ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံပိုင်သတင်းအေဂျင်စီဖြစ်သော Associated Press of Pakistan (APP) က ဖော်ပြပါသည်။
ပါကစ္စတန်နိုင်ငံသို့ ၃ ရက်ကြာ တရားဝင်ခရီးစဉ်ရောက်ရှိနေသော မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim နှင့် အောက်တိုဘာ ၃ ရက်နေ့၌ တွေ့ဆုံဆွေးနွေးရာတွင် ပါကစ္စတန် အနေဖြင့် ပြည်ပသို့တင်ပို့မည့် ဟာလာအသားများ၏ အရည်အသွေးကို ထိခိုက်မှုမရှိစေရေး သေချာခိုင်မာစေမည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က ပြောကြားခဲ့သည်။ မလေးရှားဝန်ကြီးချုပ် Anwar ကလည်း ပါကစ္စတန်၏ဆန်များအား မလေးရှားနိုင်ငံသို့ တင်သွင်းရာတွင် ကွဲလွဲကွာဟချက်များ မရှိစေရေး ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောဆို ခဲ့သည်။
နှစ်နိုင်ငံ ဝန်ကြီးချုပ်များသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ကောင်းမွန်ရေး၊ ကာကွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ အစိမ်းရောင်စွမ်းအင်ကဏ္ဍ၊ ကျွမ်းကျင်လုပ်သားခန့်ထားမှုနှင့် လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ များကို ဆွေးနွေးခဲ့ကြကြောင်း APP သတင်းအေဂျင်စီက ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအပြီး ပူးတွဲသတင်းထုတ်ပြန်ရာ၌ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရေးအတွက် မကြာမီကာလအတွင်း ကရာချိမြို့တွင် မလေးရှားကုန်သွယ်ရေးရုံးကို ဖွင့်လှစ်ဆောင်ရွက်သွားမည်ဟု မလေးရှားဝန်ကြီးချုပ် Anwar က ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် မလေးရှားရင်းဂစ်ငွေတန်ဖိုး ၇.၈၄ ဘီလီယံရှိကြောင်း၊ စားအုန်းဆီ၊ အထည်အလိပ်၊ ဓာတုပစ္စည်းနှင့် ဓာတုအခြေခံထုတ်ကုန်များ၊ လျှပ်စစ်နှင့် အီလက်ထရွန်းနစ်ထုတ်ကုန်များသည် အဓိက ကုန်သွယ်သည့် ကုန်စည်များဖြစ်ကြောင်း သိရှိရသည်။
Source: The Edge Malaysia, 4 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)