Main menu

ပုသိမ်မြို့ရှိ ဩဇာသီးဈေးနှုန်းဈေးကွက်

Powered by Drupal

         ဩဇာပင်များကို အစေ့ပျိုး၍လည်းကောင်း၊ အကိုင်းကို မြေထုပ်ဆွဲနည်းဖြင့်လည်းကောင်း၊ ကိုင်းကူးနည်းဖြင့်လည်းကောင်း အပင်ပျိုး၍ရသော်လည်း မြန်မာနိုင်ငံ၌ အစေ့ပျိုး၍ စိုက်ခြင်းသာ ပြုကြသည်။ ဩဇာပင်တို့သည် နှစ်စဉ် တပေါင်းလရောက်လျှင် အရွက်များကြွေ၍ ရိုးတံကျဲကျဲရှိနေတတ်သော်လည်း တန်ခူးလရောက်သည်နှင့် အစို့အကိုက်၊ အညွန့်အဖူးကလေးများ ထွက်ပြူစပြုလာပြီးလျှင် မကြာမီ ပြန်လည်၍ စိမ်းလန်းစိုပြည်လာသည်။ ကဆုန်၊ နယုန်၌ အပွင့်များပွင့်၍ ဝါဆိုလတွင် သီးကင်းကလေးများထွက်သည်။ တော်သလင်းလ၊ သီတင်းကျွတ်လများတွင် ဩဇာသီးများလှိုင်လေသည်။ ဩဇာသီးသည် အမှည့်မြန်သောအသီးမျိုးဖြစ်၍ အပင်တွင် အက်ကွဲလာသည်အထိမထားရချေ။ အထူးသဖြင့် နယ်များသို့ပို့ရန် ဩဇာသီးများကို အသီးရင့်ရင့်အနေအထား၌ ဆွတ်ခူးကြရသည်။ ဩဇာခြံအတွင်း အမှည့်ရောင်သမ်းလာသည့် အသီးများအားလုံးကို အိမ်ရှိ လူများ နေကုန်သည်အထိ နိုင်အောင်ခူးကြရသည်။ သို့မဟုတ်ပါက အက်ကွဲလာလျှင် အပင်မှ ပြုတ်ကျ၍ စားသုံးမရတော့ချေ။

        ရာသီအလိုက်ပေါ်သော သစ်သီးဝလံမျိုးဖြစ်သည့်ပြင် ချိုချိုအေးအေး၊ အရသာလေးသော ဩဇာသီးကို အများပြည်သူတို့က ခုံခုံမင်မင်ဝယ်ယူစားသုံးကြသည်။ ဩဇာသီးတွင် ရွှေဒင်္ဂါးရောင်၊ နွယ်သာကီရောင်၊ မရမ်းရောင်ဟူ၍ အရောင်သုံးမျိုးရှိသည်။ အဓိကအားဖြင့် သြဇာသီးများကို ပြည်ခရိုင်တွင် စီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် ကြီးကြီးကျယ်ကျယ်စိုက်ပျိုးလုပ်ကိုင်ကြသည်။ မေမြို့အနီးရှိ အနီးစခန်း၊ ကရင်ပြည်နယ်အတွင်းရှိ သံတောင်တို့၌လည်း ဩဇာပင်များ ကောင်းစွာဖြစ်ထွန်းသည်။ ပြည်ခရိုင်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ တောင်ကုန်းတောင်စွယ်များ၏ အရှေ့ဘက်တောင်စောင်းတစ်လျှောက်တွင် ဩဇာခြံများကို အစီအရီတွေ့ရတတ်ပါသည်။

      ပုသိမ်မြို့တွင်းရှိ သစ်သီးဝလံရောင်းချနေသောဆိုင်များတွင် ဩဇာသီးများကို ယခုလ စက်တင်ဘာလပိုင်းမှစ၍ အများအပြားတွေ့ရပြီး ရာသီစာသီးနှံအဖြစ် စတင်ရောင်းချလျက်ရှိရာ ဩဇာသီး အလုံးလှလှ (အကြီး) တစ်လုံးလျှင် ၁၀၀၀ကျပ်နှင့် ဩဇာသီး (အသေး) တစ်လုံးလျှင် ၅၀၀ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)