မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ ပုထိုးစမ်း ကျေးရွာသည် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး မြေပဲစိုက်တောင်သူမှာ(၆၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၄၀၀၀)ဧကနီးပါး စိုက်ပျိုးကြောင်း သိရသည်။ ပုထိုးစမ်းကျေးရွာနေ မြေပဲစိုက်တောင်သူ ဦးလှမြင့်က မိုးမြေပဲ(၁)ဧကခွဲခန့် စိုက်ပျိုးထားပြီး မျိုးကို ရွာရှိတောင်သူအချင်းချင်းထံမှ (၁)ပြည်လျှင် ကျပ်(၉၀၀၀)ဖြင့်ဝယ်ယူကာ ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် မျိုး(၂)တင်းခန့် အသုံးပြုရကြောင်း၊ ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ခူးဆွတ်ပါကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် (၇၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်း(၁၀၀)နီးပါးထွက်ရှိပြီး ဈေးနှုန်း အနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် မြေပဲတောင့်(၁)တင်းလျှင် ကျပ်(၂၈၀၀၀) ဈေးဖြင့်ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၂၁)သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ရှိ ပွဲရုံများသို့တင်ပို့ရောင်းချပြီး ထိုပွဲရုံများမှတဆင့် ရန်ကုန်မြို့သို့တင်ပို့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)