Main menu

ဗီယက်နမ်သီဟိုဠ်စေ့လုပ်ငန်း ကုန်သွယ်ရေးလိုငွေပြနိုင်ချေနှင့် ရင်ဆိုင်နေရ

Powered by Drupal

         သီဟိုဠ်စေ့များသည် ဗီယက်နမ်အတွက် ကြီးမားသည့်ဈေးကွက်ကိုဖန်တီးပေးသည့် ပို့ကုန်များထဲမှ တစ်ခုဖြစ်သော်လည်း ယခုအခါ ထိုလုပ်ငန်းသည် ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမြင့်တက်လာသောကြောင့် ကုန်သွယ်ရေးလိုငွေပြနိုင်ချေနှင့် ရင်ဆိုင်နေရကြောင်းသိရပါသည်။ ယခုနှစ် ပထမ ၈လတွင် သီဟိုဠ်စေ့တင်ပို့မှုမှာ လွန်ခဲ့သည့်နှစ်(၂၀၂၃၏ တူညီသည့်ကာလထက် ပမာဏ ၂၂.၉ ရာခိုင်နှုန်းနှင့် တန်ဖိုး ၂၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်အထွေထွေဦးစီးဌာန၏ အဆိုအရသိရပါသည်။ သီဟိုဠ်စေ့များတင်ပို့ရာမှ ဝင်ငွေရရှိမှုသည် ဆက်လက်ကြီးထွားနေဆဲဖြစ်သော်လည်း တင်ပို့မှုတန်ဖိုးနှင့် ကုန်ကြမ်းပစ္စည်းများတင်သွင်းမှုကုန်ကျစရိတ်ကြားကွာဟမှုသည် တဖြည်းဖြည်းကျဉ်းမြောင်းလာကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် သီဟိုဠ်စေ့တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၆၄ ဘီလီယံရရှိခဲ့သော်လည်း ကုန်ကြမ်းပစ္စည်းများတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံရှိခဲ့ကြောင်းသိရပါသည်။ ထို့ကြောင့် သီဟိုဠ်စေ့လုပ်ငန်းနယ်ပယ်သည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ သန်း၅၀၀ရရှိခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏  ပထမ(၈)လတာကာလတွင် သီဟိုဠ်စေ့လုပ်ငန်းသည် ပြုပြင်ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများတင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံသုံးစွဲခဲ့ပြီးဖြစ်ပြီး လွန်ခဲ့သည့်နှစ်(၂၀၂၃) စုစုပေါင်းတင်သွင်းမှုတန်ဖိုးနှင့် နီးကပ်နေပြီဖြစ်ကြောင်းသိရပါသည်။ ဗီယက်နမ်သည် သီဟိုဠ်စေ့များပြုပြင်ထုတ်လုပ်ရာတွင် ကမ္ဘာ့ထိပ်ဆုံးက ဦးဆောင်နေသည့် နိုင်ငံဖြစ်ကြောင်းသိရပါသည်။ ၎င်းတို့တွင် များပြားသည့် သီဟိုဠ်စေ့ပြုပြင်ထုတ်လုပ်သည့် စက်ရုံများရှိသော်လည်း ပြည်တွင်းသီဟိုဠ်စေ့ကုန်ကြမ်းဧရိယာသည် ထိုစက်ရုံများဝယ်လိုအား၏ ၁၀ရာခိုင်နှုန်းမှ ၁၂ရာခိုင်နှုန်းသာပြည့်မီသည်အထိ လျော့ကျလျက်ရှိကြောင်းသိရပါသည်။ ကုန်ကြမ်းပစ္စည်းအများစုကို အာဖရိကနှင့် ကမ္ဘောဒီးယားမှတင်သွင်းကြောင်းသိရပါသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် သီဟိုဠ်စေ့ကုန်ကြမ်းထောက်ပံ့မှုသည် အတော်အသင့်ကြီးထွားခဲ့သော်လည်း ယခုနှစ်တွင် မိုးခေါင်မှုကြောင့် ထောက်ပံ့နိုင်စွမ်းမှာ သိသာစွာကျဆင်းခဲ့ကြောင်းသိရပါသည်။ ထို့ပြင် အာဖရိကနိုင်ငံများ၏ သီဟိုဠ်စေ့ကုန်ကြမ်းများတင်ပို့ရောင်းချသည့် ဈေးနှုန်းမှာလည်း ၄၀ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းထိမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ် ၏ သီဟိုဠ်စေ့အချောထည်တင်ပို့မှုဈေးနှုန်းမှာ သိသာစွာမကြီးထွားလာခဲ့သောကြောင့် လုပ်ငန်းများမှာ ကြီးမားစွာအရှုံးပေါ်ကြကြောင်း သိရပါသည်။  ဗီယက်နမ်သီဟိုဠ်စေ့အသင်း၏အဆိုအရ ဗီယက်နမ်၏ သီဟိုဠ်ပင်စိုက်ပျိုးသည့်ဧရိယာသည် တစ်နှစ်ထက်တစ်နှစ်လျော့ကျလာပြီး ဝင်ငွေရရှိမှုနည်းပါးခြင်းနှင့် တင်သွင်းလာသည့် သီဟိုဠ်စေ့အကြမ်းထည်များနှင့် ကြီးမားစွာယှဉ်ပြိုင်ရမှုကြောင့် ပြည်တွင်းစိုက်ပျိုးသူများသည် တန်ဖိုးမြင့်အခြားသီးနှံများအား ပြောင်းလဲစိုက်ပျိုးလာကြကြောင်းသိရပါသည်။ အသေးစားနှင့်အလတ်စားစက်ရုံများသည်လည်း သီဟိုဠ်စေ့ကုန်ကြမ်းဝယ်ယူရာတွင် ကြီးမားသည့်ပြုပြင်ထုတ်လုပ်တင်ပို့သည့်လုပ်ငန်းများ  အထူးသဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နေရကြောင်းသိရပါသည်။ Binh Phuoc သီဟိုဠ်အသင်း၏ဥက္ကဋ္ဌဖြစ်သူ Uu Thai Son က သီဟိုဠ်စေ့လုပ်ငန်း၏ အကျိုးအမြတ်ရရှိမှုသည် အမြဲတမ်းအလွန်နည်းပါးပြီး ယခုအခါ အကျိုးအမြတ်မရရှိသည့်အပြင် တချို့မှာ အရှုံးပေါ်ကြကြောင်းပြောကြားခဲ့ပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)