Main menu

တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေးတွင် ဂန္ဓမာပန်းများ ဈေးနှုန်းအနည်းငယ်တက်လျက်ရှိ

Powered by Drupal

          ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ နေအိမ်များတွင် ဘုရားစင်ကို အမြတ်တနိုးထားရှိကြပါသည်။ ဗုဒ္ဓဘာသာဝင်အိမ်ရှင်မများအနေဖြင့် နေအိမ်ရှိဘုရားစင်တွင် ဘုရားပန်းများမညှိုးနွမ်းစေရန် နှစ်ရက်တစ်ခါဖြစ်စေ သုံးရက်တစ်ခါဖြစ်စေ ဘုရားပန်းလဲပေးတတ်ကြသည်။

          ထို့ကြောင့် မြို့တိုင်း၊ ဈေးတိုင်းတွင် ဘုရားပန်းသည်အများစုဖြင့် စည်ကားလျက်ရှိပါသည်။ တောင်ငူမြို့ ဘုရင့်နောင်ဈေးတွင် အများအားဖြင့် ဒေသတွင်းမှ လာရောက်ရောင်းချသော ပန်းသည်များဖြင့် စည်ကားလျက်ရှိပါသည်။ တောင်ငူမြို့တွင် စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းတို့ဖြတ်သန်းစီးဆင်းလျက်ရှိသောကြောင့် မြစ်များ၊ ချောင်းများနှင့်နီးသော‌ဒေသများမှ ဒေသခံများသည် ဟင်းသီးဟင်းရွက်နှင့်ပန်းများအား စိုက်ပျိုးရောင်းချလျက်ရှိပါသည်။

       တောင်ငူမြို့ ဘုရင့်နောင်ဈေးနှင့် ညောင်ပင်ဈေးအတွင်းရှိ ပန်းသည်များသည် ဒေသထွက်ပန်းများအား ရောင်းချကြသကဲ့သို့ ရှမ်းပြည်မှတင်သွင်းသော ပန်းများကိုလည်းရောင်းချပေးလျက်ရှိပါသည်။ ယခုအခါတွင် မြန်မာနိုင်ငံရှိ ပန်းတင်ပို့ရာ ရှမ်းပြည်တောင်ပိုင်းတွင် မိုးများ၍ ရေကြီးရေလျှံမှုဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်သွားခြင်းသဖြင့် ကုန်စည်စီးဆင်းမှုခက်ခဲသွားခြင်းကြောင့် ပန်းများဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။

       စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် ရှမ်းပြည်ဒေသထွက် ကြွေဂန္ဓမာပန်း အပွင့်ကြီး (၁၀) တံပါ ဂန္ဓမာပန်းတစ်စည်းလျှင် (၅၀၀၀)ကျပ်ခန့်ရှိခဲ့ကာ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် (၆၀၀၀) ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်သွားပါသည်။ Summer ဂန္ဓမာပန်းအပွင့်သေးတစ်စည်းလျှင် စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် (၂၀၀၀)ကျပ်မှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်စည်းလျှင် (၃၅၀၀)ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်သွားလျက်ရှိကြောင်း ဘုရင့်နောင်ဈေးရှိ ပန်းရောင်းချသူတစ်ဦးထံမှသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)