Main menu

ငါန်းဇွန်မြို့နယ်တွင် မိုးဦးမြေပဲများရိတ်သိမ်းထွက်ပေါ်

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတွင် တည်ရှိသည့်အလျောက် ယေဘူယျအားဖြင့် ပြန့်ပြူးသောမြေမျက်နှာသွင်ပြင်ရှိပြီး ပူးပြင်းခြောက်သွေ့သော ရာသီဥတုရှိ၍ မိုးရွာသွန်းမှုကိုအခြေပြုကာ သီးနှံများအား စိုက်ပျိုးမှုပြုရသောဒေသတစ်ခုဖြစ်ပါသည်။ ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းရာ မြစ်ကမ်းမြို့နယ်တစ်ခုဖြစ်ပြီး မြစ်နှင့်နီးသည့်ဒေသများ၌ ရေကျချိန်တွင် ပဲမျိုးစုံ၊ ပြောင်းနှင့်ဆေးရွက်ကြီးပင်များကိုစိုက်ပျိုးမှုရှိပြီး ကုန်တွင်းပိုင်းတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်းနှင့် ပဲစင်းငုံ၊ ဝါသီးနှံတို့ကို အများဆုံးစိုက်ပျိုးကြပါသည်။

          ၂၀၂၄ခုနှစ်၌ ငါန်းဇွန်မြို့နယ်တွင် မြေပဲသီးနှံကိုစိုက်ပျိုးရန်အတွက် လျာထားမှုအနေဖြင့် (၁၈၂၇၂) ဧကရှိပြီး၊ အမှန်စိုက်ပျိုးနိုင်မှုအနေဖြင့် (၁၈၉၆၈)ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခင်နှစ်ဖြစ်သည့် ၂၀၂၃ခုနှစ်တွင် မြို့နယ်အနေဖြင့် မြေပဲစိုက်ပျိုးရန်အတွက် လျာထားမှုမှာ (၁၈၂၆၅)ဧကရှိခဲ့ပြီး၊ အမှန်စိုက်ပျိုးနိုင်မှုမှာ (၁၈၉၆၁)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၅) တင်းခန့်ထွက်ရှိခဲ့ပါသည်။ ဒေသအခေါ် မိုးဦးမြေပဲကို နှစ်စဉ်မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ပါသည်။ ဒေသအနေဖြင့် ပင်ထောင်နှင့် ပင်ပြန့်နှစ်မျိုးကိုစိုက်ပျိုးကြပြီး တန်းဆွဲ၍ မြေပဲစိုက် တန်း(၄)တန်းလျှင် ပဲစင်းငုံတစ်တန်းနှုန်းဖြင့် ပဲစင်းငုံသီးနှံကိုလည်း သီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် မြေပဲဆန်(၁၀)ပြည်မှ (၁၆)ပြည်ခန့်ထည့်သွင်းစိုက်ပျိုးကြပြီး၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ထွန်ယက်ခ၊ မျိုး၊ သွင်းအားစု၊ လုပ်သားခများအပါဝင် (၅၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ယခင်နှစ်မိုးမြေပဲစိုက်ပျိုးချိန်တွင် မျိုးဈေးအနေဖြင့် မြေပဲဆန်တစ်ပြည်လျှင် (၇၀၀၀)ကျပ်၊ အတောင့်တစ်တင်းလျှင် (၄၀၀၀၀)ကျပ်ဈေးများဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်မြေပဲစိုက်ရာသီတွင် မျိုးမြေပဲဆန်တစ်ပြည်လျှင် (၁၀၀၀၀)ကျပ်၊ အတောင့်တစ်တင်းလျှင် (၄၂၀၀၀)ကျပ်များရှိခဲ့ကြောင်း၊ ယခင်နှစ်မိုးမြေပဲပေါ်ချိန်တွင် အဖွင့်ဈေးအနေဖြင့် မြေပဲအစိုတစ်တင်းလျှင်(၃၀၀၀၀)ကျပ်၊ အခြောက်တစ်တင်းလျှင် (၃၅၀၀၀)ကျပ်ခန့်ဖြစ်ပေါ်ခဲ့ကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၃၀)တင်းမှ (၄၀)တင်းနှုန်းခန့်ထွက်ပေါ်ခဲ့၍ ယခင်နှစ်တွင် တစ်ဧကတောင်သူအကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀)ကျပ်ခန့်ရရှိခဲ့ကြောင်း၊ ရောင်းချမှုဈေးကွက်အနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြပါသည်။ လက်ရှိမြေပဲပေါ်ချိန်တွင် ကျေးရွာများ၌ ဖြစ်ပေါ်နေသောဈေးနှုန်းမှာ တစ်တင်းလျှင် (၄၀၀၀၀)ကျပ်ခန့်ဖြင့် ဈေးစတင်ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ယခုနှစ်မြေပဲများမှာ ရာသီဥတုသင့်တင့်မှုရှိ၍ ဖြစ်ထွန်းမှုကောင်းကြောင်း သရက္ကန်အုပ်စု၊ အောင်ချမ်းသာကျေးရွာရှိ မြေပဲစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(မန္တလေး)