မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၏ မိုးဦးစိုက်မြေပဲများ ရိတ်သိမ်းထွက်ပေါ်နေပြီဖြစ်ပါသည်။ နွားထိုးကြီးမြို့နယ်အနေဖြင့် ၂၀၂၃ခုနှစ်တွင် မိုးမြေပဲကို (၄၀၄၆၂) ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၂) တင်းခန့်ထွက်ရှိခဲ့၍ တစ်ဧကလျှင် တောင်သူအကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀)ကျပ်ခန့်ရရှိခဲ့ကြောင်းသိရသည်။
ယခု ၂၀၂၄ခုနှစ်တွင် မြို့နယ်အနေဖြင့် မိုးမြေပဲကို (၄၂၄၄၀ )ဧကစိုက်ပျိုးခဲ့ပြီး မိုးဦးမြေပဲကို နှစ်စဉ် မိုးရွာသွန်းမှုပေါ်မူတည်၍ ဇွန်လနှင့်ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြပြီး၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်းသိရသည်။ မြေပဲများခူးဆွတ်ရာတွင် ငွေကြေးပေးချေမှုမပြုဘဲ ခူးဆွတ်မှုတစ်တင်းရလျှင် မြေပဲ (၂)ပြည်နှုန်းဖြင့် ခူးဆွတ်သူက ရရှိမည်ဖြစ်ပြီး၊ စိုက်ကွက်မှ တလင်းသို့ သယ်ယူမှုအနေဖြင့် နွားလှည်းကိုအသုံးပြုမှုနည်းလာပြီး၊ ထော်လာဂျီဖြင့် သယ်ယူကြသဖြင့် ထော်လာဂျီတစ်စီးတိုက်ကို ခရီးအနီးအဝေးအလိုက် (၁၅၀၀၀)ကျပ်မှ (၂၀၀၀၀) ကျပ်ခန့်ကျသင့်၍ ဒေသခံထော်လာဂျီသမားများလည်း သီးနှံများပေါ်ချိန်တွင် အဆင်ပြေလျက်ရှိကြောင်းသိရသည်။ မိုးဦးစိုက်မြေပဲများမှာ စက်တင်ဘာလ ဒုတိယပတ်ခန့်မှ၍ ထွက်ပေါ်လျက်ရှိရာ ဒေသပေါက်ဈေးအနေဖြင့် မြေပဲတောင့်အစိုတစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ အခြောက်တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခင်နှစ် ထွက်မြေပဲဈေးနှုန်းများအနေဖြင့် မြေပဲလုံးဆန်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ မြေပဲလုံးဆန်တစ်ပိဿာလျှင် (၇၃၀၀)ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၅၃၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)