စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဌာနမှ ပြဋ္ဌာန်းထုတ်ပြန်ထားသော ဥပဒေများ၊ ပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အများပြည်သူသိရှိနားလည်၍ လိုက်နာစေရန်၊ မိမိတို့ရရှိမည့်အခွင့်အရေးများကို တောင်းဆိုတတ်စေရန်၊ နစ်နာဆုံးရှုံးမှုများအား အရေးဆိုနိုင်စေရန်နှင့် ဆောင်ရန်ရှောင်ရန်များအား နည်းလမ်းများစွာ စဉ်ဆက်မပြတ် အသိပညာပေးလျက်ရှိရာ (၂၇-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ငါန်းဇွန်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာ၊ Community Center ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများသိရှိလိုက်နာစေရေး အသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ Talk Show အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက အွန်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကို ဆိုလိုခြင်းကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လိုသူများသည် သတ်မှတ်ချက်များနှင့်ကိုက်ညီရမည်ဖြစ်ပြီး၊ ၎င်းသတ်မှတ်ချက်များအားလည်းကောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူများအနေဖြင့် ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုးလျှောက်ထားခြင်းများနှင့်ပတ်သက်သည့် အချက်များကိုလည်းကောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်အခွင့်အရေးများကိုလည်းကောင်း၊ အွန်လိုင်းရောင်းချခြင်းများ၏ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်နိုင်သည့်ပုံစံများ၊ စိစစ်သင့်သည့်အချက်များ၊ သက်ဆိုင်ရာဌာနများ၏ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ရွေးချယ်ဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ စသည်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)