စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)သည် ညောင်ဦးခရိုင်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၇-၉-၂၀၂၄)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ညောင်ဦးမြို့နယ်ရှိ ပဲပူးကြော်နှင့် ပဲကြော်လုပ်ငန်းခွင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအား ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာသုံးစွဲထုတ်လုပ်ကြရန်လိုအပ်ကြောင်း၊ ထုတ်လုပ်သည့် လုပ်ငန်းစဉ်တစ်လျှောက်တွင်လည်း အသုံးပြုရသည့်ပစ္စည်းများ သန့်ရှင်းစင်ကြယ်ရန်နှင့် ထုတ်လုပ်မှုလုပ်ငန်းခွင်ရှိ အစားအစာများကို ထိတွေ့ပြုလုပ်သူ လူပုဂ္ဂိုလ် များမှာလည်း သန့်ရှင်းသပ်ရပ်ပြီး၊ ကျန်းမာရေးကောင်းမွန်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များ၊ မိမိထုတ်လုပ်သော ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူက တစ်စုံတစ်ခုထိခိုက်နစ်နာဆုံးရှုံးမှုများရှိလာပြီး အရေးဆိုတိုင်ကြားလာသည့်အခါ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူမှုများဆောင်ရွက်ခံရမည်ဖြစ်ကြောင်းနှင့် ပဲပူးကြော်နှင့် ပဲကြော်လုပ်ငန်းများနှင့်သက်ဆိုင်သည့် ဖော်ပြပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ သိရှိလိုသည့်အချက်များအား ရှင်းလင်းဆွေးနွေး၍ လုပ်ငန်းခွင်များသို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကလည်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)