Main menu

ဈေးကွက်ကောင်း၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများလာသော ကြောင်ပန်းပင်များ

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သရက္ကန်အုပ်စုရှိ ကျေးရွာများတွင် ယခင်နှစ်မှစ၍  ကြောင်ပန်းစေ့ဈေးနှုန်းများကောင်းလာသဖြင့် ကြောင်ပန်းပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုများလာခဲ့ကြပါသည်။ ဒေသခံများသည် ချောင်းရိုးတစ်လျှောက်တွင် မိမိတို့ယာမြေများ ရေတိုက်စားခြင်းမှကာကွယ်ရန်အတွက် ရေတားသဘောမျိုးဖြင့် စိုက်ပျိုးခဲ့ကြရာမှ ‌ဈေးနှုန်း၊ ဈေးကွက်ကောင်းလာသဖြင့် ဆက်လက်၍ အများအပြားစိုက်ပျိုးလာကြပြီး တချို့မှာလည်း ရေရရှိနိုင်မှု၊ ရေနှင့်နီးသည့်နေရာများနှင့် နေရာလွတ်သည့် မိမိတို့အိမ်ဝိုင်းများအတွင်း၌ တိုးချဲ့စိုက်ပျိုးလာကြကြောင်းသိရပါသည်။ ကြောင်ပန်းပင်များကို ကိုင်းဖြတ်ပျိုးထောင်၍ စိုက်ပျိုးကြပြီး၊ ပျိုးပင်တစ်ပင်လျှင်(၁၀၀၀/ ၁၅၀၀)ကျပ်ခန့်ရှိကြောင်း၊ ကြောင်ပန်းပင်မှာ ကိုင်းများဖြာထွက်သော အပင်မျိုးဖြစ်သည့်အတွက် အနည်းဆုံး (၁၀)ပေခြားစိုက်ပျိုးကြပြီး၊ အိမ်ဝိုင်းများအတွင်း၌ မြေနေရာပေါ်မူတည်ပြီး သင့်လျော်သည့်စိုက်ပျိုးမှုများလည်းရှိပါသည်။ ပျိုးထောင်ပြီး (၂)ပတ်ခန့်အကြာတွင် အညွန့်အတက်များထွက်လာပြီး မြေချစိုက်ပျိုးနိုင်ကြောင်းနှင့် ကိုင်းဖြတ်ပြီး ပျိုးထောင်မှုမပြုဘဲ တိုက်ရိုက်ချစိုက်၍လည်းရကြောင်း၊ တစ်နှစ်သားတွင် စတင်ထွက်ပေါ်ကြောင်းသိရသည်။ ခူးဆွတ်မှုအနေဖြင့် (၁၀၊ ၁၅)ရက်ခြား ခူးဆွတ်ကြရကြောင်းနှင့် မိုးရွာသွန်းမှုနည်းပါက ပြဆေးကို (၁၅) ရက်တစ်ကြိမ်ခန့်ဖြန်းပေးရကြောင်းနှင့် မိုးရွာသွန်းမှုများလျှင် အနည်းငယ်သာဖြန်းပေးရန်လိုအပ်ကြောင်း၊ အသီးအားဆေးကိုလည်း အနည်းငယ်ဖြန်းပေးရပြီး၊ လက်ရှိစိုက်ပျိုးမှုတွင် ဒေသအနေဖြင့် အပင်အတွက် မြေဆီကို သီးသန့်ကျွေးရန်မလိုဘဲ အပင်ဖြစ်ထွန်းမှုကောင်းကြောင်း၊ ကျေးရွာရှိဒေသခံများအနေဖြင့် ယခုအချိန်တွင် ရေရရှိမူအခြေအနေအရ ဧကလိုက်စိုက်ပျိုးနိုင်မှုမရှိသေး၍ တစ်ဧကကုန်ကျမှုအား မသိရှိနိုင်သေးပါကြောင်းနှင့် ၂၀၂၂ခုနှစ်တွင် မိမိတို့အရပ်ဒေသ၌ ကြောင်ပန်းစေ့မှာ ဈေးကွက်တွင်ကျယ်မှုမရှိဘဲ တစ်ပိဿာ(အခြောက်)ဈေးနှုန်းအနေဖြင့် (၁၅၀၀၀) ကျပ်ခန့်သာရရှိခဲ့ကြောင်းနှင့် ၂၀၂၃ခုနှစ်မှစ၍ ဈေးနှုန်း၊ ဈေးကွက်များကောင်းလာကြောင်နှင့် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ခန့်ဖြင့် ဈေးနှုန်းစတင်ခဲ့ပြီး၊ အမြင့်ဆုံးအနေဖြင့် (၄၀၀၀၀) ကျပ်ထိရှိခဲ့ကြောင်းသိရသည်။ ကြောင်ပန်းသီးများမှာ နှစ်စဉ် မေလမှစ၍ အောက်တိုဘာလထိ (၅)လ/ (၆)လခန့်ခူးဆွတ်ရရှိကြောင်း၊ ယခုနှစ် အဖွင့်ဈေးမှာ (အခြောက်) တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်ခန့်ဈေးဖြင့်စတင်ခဲ့ပြီး ဇွန်လ ဒုတိယပတ်ခန့်မှစ၍ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ခန့်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ဩဂုတ်လအတွင်း၌ (၄၁၀၀၀)ကျပ်ထိဈေးနှုန်းမြင့်တက်ခဲ့ပြီး စက်တင်ဘာလ လဝက်ခန့်အတွင်း၌ မိုးရွာသွန်းမှုများပြီး ခြောက်သွေ့မှုအရည်အသွေးနိမ့်၍ ဈေးနှုန်းကျဆင်းခဲ့ပြီး တစ်ပိဿာလျှင်(၃၅၅၀၀)ကျပ်ဖြစ်ပေါ်ခဲ့ကြောင်း၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဈေးနှုန်းပြန်လည်မြင့်တက်ခဲ့ပြီး (၄၂၀၀၀)ကျပ်ထိရှိလာကြောင်းသိရသည်။ ယခင်နှစ်တွင် ဒေသခံရွာသူရွာသားများ မိမိတို့အိမ်ဝိုင်းနေရာလွတ်များတွင် တစ်နိုင် တစ်ပိုင်စိုက်ပျိုးခဲ့သော ကြောင်ပန်းပင်များမှာ အသီးများစတင်ထွက်ပေါ်လျက်ရှိိ၍ မီးဖိုချောင်စရိတ်ရရှိလျက်ရှိပါသည်။ နောင်နှစ်များတွင် အထွက်နှုန်းများပိုမိုထွက်ရှိလာမည်ဖြစ်ပြီး မိသားစုအပိုဝင်ငွေများရရှိလာမည်ဖြစ်ပါသည်။ ဈေးကွက်အနေဖြင့် မန္တလေးမြို့သို့တင်ပို့ရောင်းချကြပြီး တစ်တင်းခွဲဝင်တစ်အိတ်လျှင် ကားခ (၂၅၀၀)ကျပ်ခန့်ကျသင့်ကြောင်း၊ ကြောင်ပန်းစေ့များ ဈေးကောင်းရရှိ၍ ဒေသခံများ အဆင်ပြေလျက်ရှိပြီး ပြည်ပဈေးကွက်ရှိသောကြောင့် စီးပွားဖြစ်စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)