Main menu

တစ်ကမ္ဘာလုံးအဆင့် ဟာလာထုတ်ကုန်များစားသုံးမှု အမေရိကန်ဒေါ်လာ ၃.၁ ထရီလီယံရောက်ရှိရန် ခန့်မှန်းရ

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအေဂျင်စီ၏ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် နိုင်ငံတော်ပိုင်လုပ်ငန်းများ၏ ညွှန်ကြားရေးမှူးဖြစ်သူ Rosy Widyawati က တစ်ကမ္ဘာလုံးအဆင့် ဟာလာထုတ်ကုန်များစားသုံးမှုသည် ၂၀၂၇ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၁ ထရီလီယံသို့ရောက်ရှိရန် ခန့်မှန်းရကြောင်း ၂-၁၀-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ Widyawati က မူစလင်များသည် အစားအစာနှင့် ဖျော်ရည်၊ ဟာလာဖက်ရှင်နှင့် ဟာလာအလှကုန် အစရှိသည့် ရှရီအပ်(အစ္စလာမ်ဥပဒေ)ထုတ်ကုန်များအပေါ် ငွေကြေးသုံးစွဲမှုသည် အလွန်အလားအလာကောင်းလျက်ရှိပြီး ၂၀၂၇ခုနှစ်တွင် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၁ ထရီလီယံထိရောက်ရှိနိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် Acceleration Towards Golden Indonesia 2024 ခေါင်းစဉ်ဖြင့် You Tube တွင် Live ထုတ်လွှင့်စဉ်ကလည်း Widyawati က အစိုးရသည် Indonesia Sharia Economic Masterplan (MEKSI) 2025-2029 အရ ရှရီအပ် စီးပွားရေးအလားအလာနှင့်ပတ်သက်၍ အကောင်းဆုံးနည်းလမ်းများကိုရှာဖွေနေကြောင်းပြောကြားခဲ့ပါသည်။ Widyawati ၏အဆိုအရ ရှရီအပ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်စီးပွားရေးပျမ်းမျှကြီးထွားနှုန်းကို ၆ရာခိုင်နှုန်းမှ ၇ရာခိုင်နှုန်းဖြင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်လာစေရန်အတွက် စီးပွားရေးအင်ဂျင်သစ်တစ်ခုအနေဖြင့် အရေးကြီးကြောင်းသိရပါသည်။ ထိုရည်မှန်းချက်အောင်မြင်စေရန်အတွက် ကမ္ဘာ့အကြီးမားဆုံး မူစလင်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားအတွက် စားသုံးသူအနေသာမက ထုတ်လုပ်သူဖြစ်လာရန် လိုအပ်ကြောင်းသိရပါသည်။ ကမ္ဘာ့အကြီးမားဆုံး ဟာလာထုတ်ကုန်တင်ပို့သည့်နိုင်ငံများမှာ မူစလင်အများဆုံး အဓိကနေထိုင်သည့် နိုင်ငံများမဟုတ်သည့် ဘရာဇီး၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြောင်းသိရပါသည်။ MEKSI 2025-2029 အတွက် ပြင်ဆင်ခြင်းအပြင် အင်ဒိုနီးရှားအစိုးရသည် ၂၀၂၄ခုနှစ်၊ ဥပဒေနံပါတ် ၅၉ တွင် ပြဋ္ဌာန်းချက်အရ ရှရီအပ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ရှရီအပ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် ဟာလာလုပ်ငန်းနယ်ပယ်နှင့် တင်ပို့မှုတန်ဖိုးမြှင့်တင်ရန် MSMEs များအားကောင်းစေရေးတို့ပါဝင်သည့် ကဏ္ဍ၏တိုးတက်မှုအရှိန်မြှင့်တင်ရန် သီးခြား ပရိုဂရမ်တစ်ခုဖြစ်ကြောင်းသိရပါသည်။ Widyawati က မွတ်စလင်ခရီးသွားဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံတိုးတက်ခြင်းအားဖြင့် မွတ်စလင်ခရီးသွားအရေအတွက်အရှိန်မြှင့်တင်ပေးမည့် ပရိုဂရမ်ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည်ဟုယူဆရကြောင်းနှင့် ၎င်းတို့ပိုင်ဆိုင်ထားသော ဖက်ရှင်ကဏ္ဍသည်လည်း များစွာပါဝင်ပတ်သက်မှုပေးနိုင်ကြောင်းပြောကြားခဲ့ပါသည်။

Source : Antara News

DOCA(ရန်ကုန်)