Main menu

တိုးချဲ့စိုက်ပျိုးသင့်သည့် ဈေးကွက်ဝင် ပီလောပီနံ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ပီလောပီနံစိုက်ဧက ၉၂၆၅ဧကစိုက်ပျိုးပြီး၊ ဟင်္သာတမြို့နယ်တွင် ၃၇၅၆ဧက၊ ဇလွန်မြို့နယ်တွင် ၆ဧက၊ လေးမျက်နှာမြို့နယ်တွင် ၅၅၀၉ဧကစိုက်ပျိုးပါသည်။ ပီလောပီနံသည် မိုးရေချိန် ၃၀လက်မမှ ၁၂၀လက်မနှင့် အပူချိန် ၂၅ဒီဂရီစင်တီဂရိတ်နှင့် ၃၂ဒီဂရီစင်တီဂရိတ်အကြား စိုက်ပျိုးဖြစ်ထွန်းသဖြင့် မိုးရေချိန် ပျမ်းမျှ ၈၀လက်မရရှိသော ဟင်္သာတခရိုင်ရှိ ရေမတင် သဲဆန်သည့်မြေများတွင် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါသည်။ မိရိုးဖလာမြေပုံ၍ စိုက်ပျိုးခြင်းကို အများဆုံးပြုလုပ်ကြပြီး စိုက်ပေါင်စနစ်ဖြင့်လည်းစိုက်ပျိုးကြပါသည်။ ဟင်္သာတမြို့နယ်ရှိ ယုံသလင်းကျေးရွာအုပ်စု၊ မဒေါ့တလုပ်ကုန်းအုပ်စု၊ သမုဒ္ဒရိုးကျေးရွာအုပ်စု၊ သဲဖြူကျေးရွာအုပ်စုတွင်လည်းကောင်း၊ လေးမျက်နှာမြို့နယ်ရှိ ခမောက်စုကျေးရွာအုပ်စု၊ ပိန်းအင်းကျေးရွာအုပ်စု၊ လဟာကြီးကျေးရွာအုပ်စု၊ ဝါးရုံချောင်းကျေးရွာအုပ်စု၊ ရှားဖြူကျင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ပန်းတောကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာအုပ်စုတို့တွင်လည်းကောင်း စိုက်ပျိုးကြပါသည်။

           ပီလောပီနံကို မေလဆန်းတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလကုန်တွင် စတင်တူးဖော်ကြပါသည်။ ပီလောပီနံမျိုးအဖြစ် ဒေသမျိုး ဆင်တစ်ဆွဲနှင့် ယိုးဒယားမျိုး Rayong-9 မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ တစ်ဧကတွင် ပီလောပီနံ မြေပုံ ၁၂၀၀ ခန့်ဝင်ဆန့်ပြီး မြေပုံ ၁ပုံလျှင် မျိုး ၂ပင်ကို  ၄၅ဒီဂရီစောင်း၍ စိုက်ပျိုးကြပါသည်။ မျိုးကိုင်းများကို အပင်မှခုတ်ပြီး ၂၄နာရီအတွင်း စိုက်ပျိုးရန်လိုအပ်ကြောင်းသိရှိရပါသည်။ မျိုးတစ်ပင်လျှင် ပျမ်းမျှ ၁.၂၅ ပိဿာခန့်ဥ၍ မြေတစ်ပုံလျှင် ၂.၅ ပိဿာခန့်ဥနိုင်သည့်အတွက် တစ်ဧကလျှင် ပျမ်းမျှ ပိဿာ၃၀၀၀ခန့်ထွက်ရှိပါသည်။

          ထွက်ရှိလာသော ပီလောပီနံဥများကို ရေဆေး၍ ဒလက်စက်ဖြင့်ရိုက်ပြီး အခွံချွတ်ရပါသည်။  အခွံချွတ်ပြီးသော ပီလောပီနံဥများကို ကြိတ်စက်နှင့်ကြိတ်ခွဲခြင်းဖြင့် ပီလောပီနံကြိတ်ဖတ်ကိုရရှိပါသည်။ ရရှိလာသော ကြိတ်ဖတ်များကို ဒလက်တပ်ဆင်ထားသော ပုံးအတွင်း၌ ရေနှင့် အချိုးကျရောထည့်၍မွှေခြင်းဖြင့် ဗဟိုခွာအားကြောင့် ဘေးသို့ထွက်လာသောအဖတ်များကို အဖတ်ကန်သို့ပို့ဆောင်ပြီး၊ အနှစ်များကို အောက်ဘက်ရှိ အနှစ်ကန်သို့‌ ဖောက်ချရပါသည်။ ရရှိလာသော ပီလောပီနံအနှစ်များကို တာပေါ်လင်စဖြင့်ပြုလုပ်ထားသော စစ်ကန်များတွင်ထည့်၍ အနှစ်များကို အနည်ထိုင်စေပြီး၊ အပေါ်ယံရေများကို စွန့်ထုတ်ခြင်းဖြင့် ပီလောပီနံအမှုန့်ဖြစ်လာမည့် အနှစ်ခဲကလေးများကိုရရှိပါသည်။ ၎င်းအနှစ်ခဲကလေးများကို နေရောင်တွင် အခြောက်ခံပြီး၊ ခြောက်သွေ့သွားသော အနှစ်ခဲများကို ဆန်ကာတိုက်ဖိခြေခြင်းဖြင့် ပီလောပီနံအချောမှုန့်များကိုရရှိပါသည်။ အဖတ်ကန်မှ အဖတ်များကို လူအားဖြင့်လုံးပါက အမှုန့်ထုတ်ပြီး ပီလောပီနံအလုံးများကိုရရှိပါသည်။

         ပီလောပီနံဥ ပိဿာ၃၀၀၀ကို အမှုန့်ပြုလုပ်ပါက ပိဿာ၃၀ဝင် အမှုန့်အိတ် (၃၀) ခန့်နှင့် အမှုန့်ထုတ်ပြီး ပီလောပီနံ ပိဿာ၄၅၀ခန့်ရရှိသည့်အတွက် ပိဿာစုစုပေါင်း ၁၃၅၀ခန့်ပြန်လည်ရရှိပါသည်။ ပိဿာ၁၆၅၀ခန့်မှာ  အရည်အဖြစ် စွန့်ထုတ်ပျောက်ဆုံးသွားပါသည်။   မေလတွင်စိုက်ပျိုးသော ပီလောပီနံများကို ဒီဇင်ဘာလကုန်တွင် တူးဖော်ကြိတ်ခွဲခြင်းဖြင့် အမှုန့်ထွက်အားပိုမိုကောင်းမွန်ပြီး သစ်ရည်ပြန်သောလများဖြစ်သည့် ဖေဖော်ဝါရီလ၊ မတ်လတို့တွင်တူးဖော်ပါက အရည်ဓာတ်ပါဝင်မှုများလာသည့်အတွက် အမှုန့်ထွက်နှုန်းကျဆင်းနိုင်ကြောင်းသိရှိရပါသည်။

          ၂၀၂၃ခုနှစ် ပီလောပီနံထွက်ရှိချိန်(ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ)တွင် ဥတစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်ဈေးထိရရှိပြီး၊ အချောမှုန့်တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ အမှုန့်ထုတ်ပြီး ကလောလုံးတစ်ပိဿာလျှင် ၆၀၀ကျပ်ခန့်ရရှိပါသည်။ ယခု ၂၀၂၄ခုနှစ် ပီလောပီနံထွက်ရှိချိန်တွင် ပီလောပီနံဥတစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၇၀၀ကျပ်ဈေးသာရရှိပြီး၊ ပီလောပီနံ အချောမှုန့်တစ်ပိဿာလျှင် ၂၄၀၀ကျပ်မှ ၂၇၀၀ကျပ်၊ အမှုန့်ထုတ်ပြီး ပီလောပီနံလုံးတစ်ပိဿာလျှင် ၃၀၀ကျပ်သာရရှိကြောင်းသိရှိရပါသည်။ ပီလောပီနံဥအဆင့်မှ အခြားအဆင့်သို့ ပြောင်းလဲထုတ်လုပ်ရာတွင် ၂၄နာရီအတွင်းထုတ်လုပ်မှသာ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များကိုရရှိနိုင်ကြောင်းလည်းသိရှိရပါသည်။     

         ၂၀၂၄ခုနှစ် ပီလောပီနံတစ်ဧကပျမ်းမျှကုန်ကျစရိတ်မှာ မျိုး၊ မြေပြင်ခြင်း၊ မြေပုံပြုလုပ်ခြင်း၊ စိုက်ပျိုးခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းလိုက်ခြင်း၊ တူးဖော်ခြင်းတို့အတွက် ကိုးသိန်းကျပ်ခန့်ကုန်ကျနိုင်ပြီး တစ်ဧကထွက်ရှိမှု ပိဿာ၃၀၀၀ကို ဥဈေးနှုန်း ပျမ်းမျှ ၆၀၀ကျပ်နှင့်တွက်ပါက တစ်ဆယ့်ရှစ်သိန်းကျပ်ခန့်ရရှိနိုင်ပြီး တစ်ဧကပျမ်းမျှအကျိုအမြတ်မှာ ကိုးသိန်းကျပ်ခန့်ရရှိနိုင်ပါသည်။

          တချို့ ပီလောပီနံစိုက်တောင်သူကြီးများသည် အမှုန့်ကြိတ်စက်ဖြင့်ပါ တည်ဆောက်လည်ပတ်ထုတ်လုပ်ကြသည့်အတွက် အချောအမှုန့်တစ်ပိဿာလျှင် ပျမ်းမျှ ၂၅၀၀ကျပ်ဖြင့် ပိဿာ ၉၀၀အတွက် ၂၂၅၀၀၀၀ကျပ်နှင့် အမှုန့်ထုတ်ပြီး ပီလောပီနံအလုံးတစ်ပိဿာလျှင် ၃၀၀ကျပ်ဖြင့် ပိဿာ၄၅၀အတွက် တွက်ပါက ၁၃၅၀၀၀ကျပ်ပေါင်းပါက ဝင်ငွေ ၂၃၈၅၀၀၀ကျပ်ရရှိနိုင်ပြီး ပီလောပီနံဥ တိုက်ရိုက်ရောင်းချခြင်းထက် ငါးသိန်းကျပ်ခန့် ပိုမိုအကျိုးအမြတ်ရရှိနိုင်ကြောင်းသိရှိရပါသည်။

          ပီလောပီနံသည် သီးနှံများတွင် ကာဘိုဟိုက်ဒြိတ်ပါဝင်မှု တတိယအများဆုံးသီးနှံဖြစ်ပြီး သင့်လျော်သောကုန်ကျစရိတ်ဖြင့် ထုတ်လုပ်နိုင်သည့်အတွက် စိုက်ပျိးထုတ်လုပ်သင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ဟင်္သာတခရိုင်မှ ထွက်ရှိသော ပီလောပီနံအချောမှုန့်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်း၊ ကော်မှုန့်အဖြစ်အသုံးပြုခြင်း၊ ကတ္ထူစက္ကူပုံးများပြုလုပ်ရာတွင် အသုံးပြုခြင်း၊ အချိုရည်/အဖျော်ယမကာလုပ်ငန်းများတွင် အသုံးပြုကြပါသည်။ အမှုန့်ထုတ်ပြီးသော ပီလောပီနံအလုံးများကို မွေးမြူရေးအစာထုတ်လုပ်ရာတွင်လည်းအသုံးပြုကြပါသည်။

          ပီလောပီနံသည် ပြည်ပဝယ်လိုအားရှိသောသီးနှံဖြစ်သည့်အပြင် မြန်မာ့မြေရာသီနှင့်ကိုက်ညီထုတ်လုပ်နိုင်သည့် သီးနှံဖြစ်သည့်အတွက် တိုးတက်စိုက်ပျိုးထုတ်လုပ်သင့်သော သီးနှံဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

DOCA(ဧရာဝတီ)