မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ် ရွာသစ်၊ အနောက်ပိုင်း ရပ်ကွက်အုပ်စု၊ ချောင်းမကြီးအုပ်စုအတွင်းရှိ ကျေးရွာများတွင် နှစ်စဉ် သီးနှံမျိုးစုံ ရာသီအလိုက် စိုက်ပျိုးကြပြီး ကြက်သွန်နီ မိုးစိုက်(ဥစိုက်)၊ ဆောင်းစိုက်(ပင်စိုက်)အပြင်၊ အစေ့ပက်(မျိုးဥယူ)စိုက်ပျိုး မှုကိုလည်း နှစ်စဉ် စိုက်ဧက(၅၀)ခန့် စိုက်ပျိုးကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက် သဲနုန်းမြေများနှင့် ယောချောင်းနံဘေးရှိ သဲမြေများတွင် ဘောင်တင်အကန့်ဖော်စနစ်ဖြင့် ရေသွင်း ရေဖြန်း စိုက်ပျိုး ကြောင်း၊ ဒီဇင်ဘာ၊ ဇန်နဝါရီလတွင်စိုက်ပျိုးပြီး မတ်၊ ဧပြီလတွင် တူးဖော်ကြောင်း၊ မျိုးစေ့မှတစ်ဆင့် တိုက်ရိုက်မျိုးဥယူခြင်းဖြစ်၍ သက်တမ်း(၄)လခန့်ကြာမြင့်ကြောင်း၊ တောင်သူများ အနေဖြင့် ကြက်သွန်မျိုးဥတူးဖော်ပြီး (၇)လခန့်ထိ သိုလှောင်ထားရှိပြီး အောက်တိုဘာလတွင် (မိုး)ကြက်သွန်နီ ဥစိုက်ပျိုးချိန်ရာသီရောက်မှသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းလက်ရှိ အရောင်းအဝယ် ဖြစ်သော ဈေးနှုန်းဈေးကွက်ပေါ်မူတည်၍ မျိုးဥဈေးနှုန်းများမှာလည်း ပြောင်းလဲမှုရှိကြောင်း သိရှိရ သည်။
စိုက်တောင်သူများအနေဖြင့် (၀.၃)ဧကမှ (၁)ဧကထိ စိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် ကြက်သွန်နီမျိုးစေ့(၁၂)ပြည်ခန့် ကုန်ကျကြောင်း၊ ကျဲပက်မှုအထူအပါးပေါ်မူတည်၍ မျိုးစေ့ကုန်ကျမှု တောင်သူတစ်ဦးချင်းမတူညီကြောင်း၊ စိုက်ပျိုးချိန် မျိုးစေ့တစ်ပြည်လျှင် ကျပ်(၁၂၀၀၀၀)ဈေးဖြင့် ဝယ်ယူ စိုက်ပျိုးရ၍ မျိုးစေ့ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် ကုန်ကျစရိတ်များကြောင်း၊ (၁)ဧကလျှင် ကျပ်သိန်း(၂၀)ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကြက်သွန်နီပိဿာချိန် (၁၀၀၀-၁၂၀၀)ခန့် ထွက်ရှိကြောင်း၊ မျိုးဥ အကြီးအသေးအရွယ်အစားလိုက်၍ ဇော်မွှား၊ ဇော်သန်၊ ကြမ်းကျွံ အမျိုးအစား သုံးမျိုးခွဲခြားရောင်းချကြောင်း၊ တစ်ဧကလျှင် ကျပ်(၂၅)သိန်းခန့် ရရှိကြောင်း သိရှိရသည်။
ယခု(မိုး)ကြက်သွန်နီဥစိုက် စိုက်ပျိုးရာသီချိန် ရောက်ရှိ၍ ဒေသတွင်း ကြက်သွန်နီ မျိုးဥ ဈေးကွက်တွင် ဇော်မွှားတစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ ဇော်သန် တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ကြမ်းကျွံ တစ်ပိဿာ ကျပ်(၂၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် အရောင်းအဝယ် ဖြစ်ခဲ့သော ကြက်သွန်နီမျိုးဥဈေးနှုန်းမှာ ဇော်မွှားတစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ ဇော်သန် တစ်ပိဿာ လျှင် ကျပ်(၃၅၀၀)၊ ကြမ်းကျွံ တစ်ပိဿာလျှင် ကျပ်(၂၉၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ တစ်ဧကလျှင် ကျပ်(၂၂)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။
ဈေးကွက်အနေဖြင့် ဒေသတွင်း ကြက်သွန်နီ စိုက်တောင်သူများမှ ဝယ်ယူခြင်းအပြင် အခြားမြို့နယ်များဖြစ်သည့် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ မြို့နယ်ရှိ စိုက်တောင်သူများမှ လည်း ကျေးရွာများအထိဆင်း၍ လာရောက်ဝယ်ယူကြောင်း၊ မျိုးဥစိုက်တောင်သူများအနေဖြင့် ရောင်းချချိန် ဈေးကောင်းရရှိ၍ အကျိုးအမြတ် များစွာရရှိကြောင်း သိရှိရသည်။ ကြက်သွန်နီသီးနှံ သည် ဆိပ်ဖြူမြို့နယ်၏ အဓိကဒေသထွက်ကုန်တစ်မျိုးဖြစ်၍ ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံစီးပွား မြှင့်တင်ရေးကို အဓိကအထောက်အပံ့ ဖြစ်စေသော သီးနှံဖြစ်သည့်အပြင် ဒေသခံပြည်သူများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိခြင်းကြောင့် ကြက်သွန်နီ ဥစိုက်/ပင်စိုက် အပြင်အစေ့ ပက်မျိုးဥယူ စိုက်ပျိုးခြင်းကိုလည်း နှစ်စဉ်မပြတ် ဒေသစီးပွားဖြစ်စိုက်ပျိုးကြောင်း ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)