Main menu

ဆိပ်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ (မိုး)နှမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေပြု၍ စီးပွားဖြစ် လုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နှမ်းမျိုးစုံ ကိုလည်း စိုက်ပျိုးကြပြီး ယခင်နှစ်တွင် (မိုး)နှမ်းစိုက်ဧက(၂၅၀၀)ခန့်စိုက်ပျိုးခဲ့ကြောင်း၊ ယခုအချိန်တွင် စားသုံးသူများအနေဖြင့် ပြည်တွင်းမှထွက်ရှိသော မြေပဲ၊ နှမ်း၊ နေကြာ၊ စားသုံးဆီ များကို ဝယ်ယူစားသုံးမှု မြင့်မားလျက်ရှိခြင်းကြောင့် ဈေးကွက်ခိုင်မာမှုရှိ၍ ရောင်းလိုအားဝယ်လိုအား ကောင်းခြင်းကြောင့် ယခုနှစ်တွင် စိုက်ဧက(၃၀၀၀)ခန့်ထိ တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

   ဆိပ်ဖြူမြို့နယ် ဆီထွက်သီးနှံနှမ်းစိုက်ခင်းများ အဓိကအများဆုံးစိုက်ပျိုးသော အောက်ဆိပ်နှင့် မြင်ကဝအုပ်စုများတွင် (မိုး)နှမ်းစိုက်ဧက(၇၀၀)ခန့်စိုက်ပျိုးပြီး ဂျပန်နှမ်းဖြူ(ပတ်လည်)သီး မျိုးနှင့် နှမ်းနက်(စမုန်)မျိုးကို စိုက်ပျိုးကြောင်း၊ ဂျပန်နှမ်းဖြူမျိုးကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့မှ တစ်ပြည်လျှင် ကျပ်(၁၀၀၀၀)နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးပြီး နှမ်းနက်(စမုန်)ကို မိမိစိုက်ခင်း ထွက်မျိုးကိုသာ စိုက်ပျိုးကြောင်း၊ (မိုး)နှမ်းကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ယာမြေများတွင် စိုက်ပျိုးခြင်းဖြစ်၍ (၇၅)ရက်သားခန့်တွင် သီးနှံရိတ်သိမ်းရ၍ နိုဝင်ဘာလတွင် ရိတ်သိမ်းကြောင်း၊ စိုက်ပျိုးချိန်မိုးရွာသွန်းမှုမရှိပါက မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ကျပ်(၆)သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲစနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်းဖြစ်၍ သီးနှံအထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

    ယခင်နှစ်က အထွက်နှုန်းအနေဖြင့်  တစ်ဧကလျှင် (၁၀-၁၁)တင်းခန့် ထွက်ရပြီး တစ်တင်းလျှင် ကျပ်(၉၀၀၀၀-၁၀၀၀၀၀)ဈေးရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဒေသတွင်း နှမ်းဈေးနှုန်း ကောင်းမွန် ခြင်းကြောင့် ကျပ်(၅၀၀၀၀၀)ခန့်ရရှိကြောင်း၊ လက်ရှိအချိန်တွင် ဈေးကွက်၌ နွေနှမ်းသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအောက်တိုဘာ(ပထမပတ်)တွင် ဂျပန် နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၁၃၅၀၀၀-၁၃၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းထွက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များမှ ဝယ်ယူခြင်းအပြင် ချောက်မြို့ အေဝမ်းပွဲရုံနှင့် ဆင်ဖြူကျွန်း၊ စလင်းမြို့ပေါ်ရှိ ပွဲရုံများသို့လည်း ရောင်းချလျက်ရှိကြောင်း၊ (မိုး)နှမ်းသီးနှံသည် ယာမြေများတွင် စိုက်ပျိုးရ၍ သက်တမ်းတိုမျိုးဖြစ်၍ ကုန်ကျစရိတ် သင့်တင့်မျှတစွာရှိပြီး မိသားစုစားသုံးဆီ ဖူလုံမှုရရှိမှုအပြင် ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် တောင်သူများအနေဖြင့် အများဆုံးစိုက်ပျိုး သင့်သည့် သီးနှံတစ်မျိုးဖြစ်၍ နှစ်စဉ်မပြတ် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ ယခုအချိန်တွင် (မိုး)နှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်တွင်လည်း အထွက်နှုန်းကောင်းပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိပါက တောင်သူအဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)