မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ကြက်ဥများကို .မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ကြက်ဥ အကြီးအသေးအလိုက် အသေး တစ်လုံးလျှင် ကျပ်(၃၆၀)၊ အလတ်တစ်လုံးလျှင် ကျပ်(၃၈၀)နှင့် အကြီးတစ်လုံးလျှင် ကျပ်(၄၀၀)ဈေး ရှိပြီး တစ်ပိဿာလျှင် ကျပ်(၉၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် စက်တင်ဘာလ(စတုတ္ထပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၉၀၀၀)ဈေးရှိကြောင်း၊ ယခင်တစ်ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်လျှင် တစ်ပိဿာလျှင် ကျပ်(၈၀၀)ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ယခုကာလသည် မိုးရာသီဖြစ်၍ ကြက်ဥခြံများတွင် ကြက်များ အနာဝင်၍ သေပျောက်မှုများခြင်းကြောင့် ဥဥနှုန်းနည်းပြီး ဈေးကွက်သို့ ကြက်ဥဝင်ရောက်မှု နည်းခြင်းအပြင် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းတို့ကြောင့် သယ်ယူစရိတ် ကြီးမြင့်၍ ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း၊ ဈေးတက်၍ အရောင်းအဝယ်ဖြစ်သော်လည်း ကြက်ဥသည် လူသားအားလုံး၏ ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေသောအစားအစာဖြစ်၍ လူကြီးလူငယ်မရွေး နေ့စဉ်ဝယ်ယူသုံးစွဲခြင်းကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)